ဝမ်းပျက်ဝမ်းလျှောရောဂါ ထိန်းချုပ်ရေးအတွက် ယာယီဆေးပေးခန်း ဖွင့်လှစ်ထားရှိ

ရန်ကုန်   ဩဂုတ်  ၂၁
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ယာယီဆေးပေးခန်းကို ဩဂုတ် ၁၂ ရက်မှစတင်ကာ  အင်းစိန်မြို့နယ်   ရွာမအနောက်ရပ်ကွက်   ဓမ္မ စေတမာန်ဓမ္မာရုံ၌    ဖွင့်လှစ်ထားရှိပြီး  အင်းစိန်မြို့နယ်    ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင်လည်း လာရောက်ပြသနိုင်သည်။
အင်းစိန်မြို့နယ်အတွင်း၌ ရွာမအနောက်ရပ်ကွက်သည် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားမှုများပြားသည့်အတွက်        အဆိုပါယာယီ ဆေးခန်းကို    ဖွင့်လှစ်ရခြင်းဖြစ်ပြီး    ဆေးခန်းတွင်      မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး    ဒေါက်တာနွေးအိလှိုင်     ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက  ရုံးဖွင့်ရက်များတွင်  နံနက်   ၉ နာရီမှ  မွန်းလွဲ ၃ နာရီ အထိ ဖွင့်လှစ်လျက်ရှိသည်။
အင်းစိန်မြို့နယ်အတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေး  ဦးစီးဌာန အနေဖြင့်   ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများနှင့်ပူးပေါင်း၍   ရပ်ကွက်များ၊  ဈေးများ၊ ကျောင်းများ၊ လူစည်ကားရာနေရာများတွင် စပီကာများဖြင့် အသိပေးနှိုးဆော်ခြင်းနှင့် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)