ဝန်ထမ်းနှင့် ကျင့်ဝတ်

 

ဝန်ထမ်းကောင်းမှ   နိုင်ငံကောင်းမည်။   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်   အဓိကအကောင်အထည်ဖော်ကြရသူများမှာ   နိုင်ငံ့ ဝန်ထမ်းများဖြစ်ကြသည့်အလျောက် အရည်အသွေးမြင့်မားသော ဝန်ထမ်းများ     ဖြစ်ကြစေဖို့လိုသည်။    လုပ်ငန်းကျွမ်းကျင်၍ တာဝန်ကျေပွန်သူ၊ ဥပဒေ စည်းမျဉ်းစည်းကမ်းများကို လိုက်နာသူ၊ ကျင့်ဝတ်များကို  စောင့်ထိန်း၍  ကိုယ်ကျင့်တရား ကောင်းမွန် သူများဖြစ်လာအောင်   ဝန်ထမ်းအဖွဲ့အစည်းများအတွင်း   ပြုစု ပျိုးထောင်လေ့ကျင့်မှုတို့ မဖြစ်မနေ လိုအပ်သည်။


နိုင်ငံ၏  ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်တွင်  ဖွဲ့စည်းပုံပါ ရာထူးတစ်ရပ်ရပ်ကို     ရရှိလာသည့်      ဝန်ထမ်းတစ်ဦးအဖို့ ထမ်းဆောင်ရမည့် တာဝန်များနှင့်အတူ  ခံစားခွင့် အခွင့်အရေး များလည်းရှိသည်။ လစာ၊ ထောက်ပံ့ကြေး၊ ခရီးစရိတ်နှင့် အခြား စရိတ်များ၊ ချီးမြှင့်ငွေများ စသည်တို့ကို နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့်အညီ ခံစားခွင့်၊ ခွင့်ရက်များ ခံစားခွင့်၊ ထူးချွန်မှု စွမ်းစွမ်းတမံ ဆောင်ရွက်မှုတို့အတွက် ချီးမြှင့်ခြင်းတို့ကို ခံစားခွင့်၊ ပင်စင်ခံစားခွင့် စသည်တို့ရှိသည်။ ဝန်ထမ်း အဖွဲ့အစည်းအလိုက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရပြီး ကျင့်ဝတ်များကိုလည်း စောင့်ထိန်းကြရသည်။


နိုင်ငံ့ဝန်ထမ်းသည်  -  နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်  တည်ဆဲဥပဒေ များပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံ သားတို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ခြင်း၊ နိုင်ငံတော်ပိုင်ပစ္စည်း၊ နိုင်ငံတော်ဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့်  အလွဲသုံးစားမှုမပြုရေးတို့အတွက်  ထိန်းသိမ်း စောင့်ရှောက်ခြင်း၊  မိမိအားပေးအပ်ထားသော  တာဝန်နှင့် ဝတ္တရာများကို ကျေပွန်စွာထမ်းဆောင်ခြင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ အရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်၊ ညွှန်ကြားချက်များ၊  ဝန်ထမ်းအဖွဲ့အစည်းအလိုက်  သီးခြား သတ်မှတ်ထားသော လုပ်ငန်းခွင် စည်းကမ်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းခြင်း၊ ရာထူးဝန်အဖွဲ့က သတ်မှတ်ထားသော သင်တန်းများကို တက် ရောက်ခြင်း၊ အကျင့်စာရိတ္တပျက်ပြားခြင်းနှင့် သိက္ခာမဲ့စွာ ပြုမူနေထိုင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ တာဝန်အရ အပ်နှင်း ထားသည့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းမှ ရှောင်ကြဉ်ခြင်း၊ လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပြည်သူကို ရိုသေလေးစားစွာ ဝန်ဆောင်မှုပေးခြင်းတို့ကို လိုက်နာရမည့် တာဝန်များအဖြစ် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဝန်ထမ်းကျင့်ဝတ် (၂၀၁၇) ခုနှစ် စာစောင်တွင် ဖော်ပြထားသည်။ 


အထက်တွင် ဖော်ပြခဲ့သည့် အချက်များသည် နိုင်ငံ့ဝန်ထမ်းတို့ စောင့်ထိန်း ကြရသည့်   ကျင့်ဝတ်များပင်ဖြစ်ပြီး   လုပ်ငန်းတာဝန် ကျေပွန်၊ စည်းကမ်းကောင်းမွန်ပြီး       ကျင့်ဝတ်စောင့်ထိန်းကြသည်နှင့်အမျှ  နိုင်ငံ့ဝန်ထမ်းတို့၏ ဂုဏ်ရည်များသည်လည်း  မြင့်မားလာရသည်။
အခြားတစ်ဖက်တွင်လည်း ဝန်ထမ်းများသည် ပြည်သူများ ထဲမှ ပြည်သူပင်ဖြစ်သည့်အတွက် နိုင်ငံတော်က ပြဋ္ဌာန်းထားသည့်   ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်း လိုက်နာကြရန်လည်း တာဝန်ရှိသည်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေ ဖြင့်  ဝန်ထမ်း  စည်းမျဉ်းစည်းကမ်းများနှင့်  ကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာကြရသလို နိုင်ငံသူ နိုင်ငံသားပြည်သူတစ်ဦး အနေဖြင့်လည်း နိုင်ငံတော်၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို စောင့်ထိန်းလိုက်နာကြရခြင်းပင် ဖြစ်ပါကြောင်း။     ။