
ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ် အီဂါဆွီယာတက်ခ်သည် WTA Finals ပြိုင်ပွဲ ဒုတိယပွဲစဉ်တွင် ပြင်သစ်တင်းနစ်မယ် ဂါစီယာကို အနိုင်ရရှိခဲ့သော ကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ ပြိင်ပွဲ တွင် ဆွီယာတက်ခ်သည် ပြိုင်ဘက်ကို ၆-၃၊ ၆-၂ ဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုပွဲစဉ်တွင် ဆွီယာတက်ခ်ကို အရေးနိမ့်ခဲ့သော ဂါစီယာသည် တတိယပွဲစဉ်တွင် ဒါရီယာ ကာဆက်ကီနာနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အနိုင်ရရှိခဲ့ပါက နောက်တစ်ဆင့် တက်လှမ်းနိုင်ခွင့်ရှိသေး ကြောင်း သိရသည်။ ကာဆက်ကီနာသည် ဒုတိယပွဲစဉ်တွင် အမေရိကန် တင်းနစ်မယ် ကိုကိုဂါ့ဖ်ကို ၇-၆ (၈-၆)၊ ၆-၃ ဖြင့် အနိုင်ယူကာ နောက်တစ်ဆင့် တက်လှမ်းခွင့် လွဲချော်စေခဲ့သူ ဖြစ်သည်။ ထို့အပြင် ဂါစီယာသည် ကိုကိုဂါ့ဖ်နှင့် တွေ့ဆုံခဲ့သည့် ပထမပွဲစဉ်တွင်လည်း ၆-၄၊ ၆-၃ ဖြင့် အနိုင်ရရှိထားသူ ဖြစ်သည်။ ယူအက်စ်အိုးပင်းနှင့် ပြင်သစ် အိုးပင်းချန်ပီယံ အသက် ၂၁ နှစ်အရွယ် ပိုလန်တင်းနစ်မယ် ဆွီယာ တက်ခ်သည် တတိယပွဲစဉ်တွင် အမေရိကန်တင်းနစ်မယ် ကိုကိုဂါ့ဖ်နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အဆိုပါ WTA Finals ပြိုင်ပွဲသည် ထိပ်တန်းတင်းနစ်မယ် ရှစ်ဦးသာ ပါဝင်ယှဉ်ပြိုင်ကစားခွင့်ရရှိပြီး အုပ်စုနှစ်အုပ်စုခွဲကာ ထိပ်ဆုံးမှ ကစားသမားနှစ်ဦးသာလျှင် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခွင့်ရှိ ကြောင်း သိရသည်။
အောင်ဇော် - စုစည်းသည်