ဝါယမ ပိုမိုစိုက်ထုတ် ပို၍ အလုပ်လုပ်ကြရန်လို

 

နိုင်ငံ့စီးပွားမြင့်မား‌ရေးအတွက်   နိုင်ငံတော်က  တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏ သယံဇာတများရောင်းချခြင်းကို ထိန်းထားပြီး ကုန်ထုတ်လုပ်မှုမြှင့်တင်‌ရေး၊  ထွက်ကုန်များ ပိုမို ထုတ်လုပ်နိုင်ရေးကို အဓိကကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။   ကုန်ထုတ်လုပ်မှုမြှင့်တင်‌ရေးဟုဆိုရာတွင်    ပြည်တွင်းသုံးစွဲမှု၊ စားသုံးမှုဖူလုံရေး၊ ပြည်ပသို့ ပိုမိုတိုးတက်တင်ပို့ရေးနှင့် သွင်းကုန် အစားထိုးထုတ်လုပ်ရေးဟူ၍  အပိုင်းသုံးပိုင်းပါဝင်သည်။
လက်ရှိအခြေအနေတွင်  မြန်မာနိုင်ငံ၏  ဂျီဒီပီ(စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး) သည်   မိမိတို့နှင့် ရေမြေသဘာဝနှင့် တူညီသည့် ဒေသတွင်းနိုင်ငံများ၏ ဂျီဒီပီနှင့် နှိုင်းယှဉ်ပါက     များစွာကွာခြားလျက်ရှိနေသည်ကို   တွေ့ရ   သည်။ အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေအများအပြားရှိနေ ပြီး လူဦးရေဆိုင်ရာဆုလာဘ်ကို ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ အနေဖြင့် လူသားအရင်းအမြစ်ကို တန်ဖိုးမြင့်မားလာစေရန်နှင့် တက်ကြွလှုပ်ရှားသည့် အင်အားများဖြစ်လာစေရန် စနစ်တကျ စီမံဆောင်ရွက်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ရာတွင်    ပိုမိုလျင်မြန်စွာ   ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။  မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူထုတ်လုပ်မှုဆောင်ရွက်နိုင်ရေး အတွက်   အရင်းအမြစ်များအားလုံးနှင့်ပြည့်စုံသည့်   နိုင်ငံ ဖြစ်သည်။ နိုင်ငံ၏ ရေ၊ မြေသယံဇာတတို့ မည်မျှပြည့်စုံသည် ဖြစ်စေ အဓိကအကျဆုံးမှာ ထိုရေ၊ မြေတို့ကို ကောင်းစွာအသုံးချ လုပ်ကိုင်ကြရမည့် လူသာလျှင်ဖြစ်သည်။  ရေ၊  မြေသဘာဝ ထူသည့် နိုင်ငံချင်းယှဉ်ရာတွင် မိမိတို့၏ ထုတ်လုပ်မှုနိမ့်ကျနေ ခြင်းမှာ ယခုထက်ပို၍ အလုပ်လုပ်ကြရန် လိုအပ်သည်ကို ပြဆို နေခြင်းပင်ဖြစ်သည်။
မြန်မာနိုင်ငံသည်   စိုက်ပျိုးရေးအဓိက   နိုင်ငံဖြစ်သည့် အားလျော်စွာ စိုက်ပျိုးရေး  ကုန်ထုတ်လုပ်မှုမြင့်မားမှသာ နိုင်ငံ့ စီးပွားမြင့်မားလာမည်ဖြစ်သည်။ စိုက်ပျိုးရေးကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်အတွက် သီးနှံအထွက်နှုန်းပန်းတိုင် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ရေးနှင့် စွမ်းအားပြည့် စိုက်ပျိုးရေး   အလေးထားဆောင်ရွက်လာရန်   နိုင်ငံတော်က တွန်းအားပေးလျက်ရှိသည်။ ပထမအချက်ဖြစ်သည့် သီးနှံအထွက် နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ဆောင်ရွက်ရာတွင် စိုက်ပျိုးသီးနှံအလိုက်  လိုအပ်သည့်  “မျိုး၊ မြေ၊ ရေ၊ နည်း” ဖြစ်သော   မျိုးကောင်းမျိုးသန့်ရရှိရေး၊   သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာနှင့် မြေပြုပြင်မှုများဆောင်ရွက်ရေး၊ စိုက်ပျိုးရေ အလုံအလောက်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးနှင့်  ခေတ်မီ နည်းစနစ်များ ရရှိရေးတို့ဆောင်ရွက်ရန်လိုအပ်သည်။ ဒုတိယ အချက်ဖြစ်သော စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုး မြေအားလုံး သီးထပ်စွမ်းအားပြည့်  စိုက်ပျိုးနိုင်ရန်  ဆောင်ရွက် ရမည်ဖြစ်သည်။
နိုင်ငံ့စီးပွားမြင့်မားရေးအတွက် စိုက်ပျိုးရေး ကုန်ထုတ်လုပ်မှု တိုးတက်လာစေရန်  သီးနှံအလိုက်  ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်ပေးထားပြီး စိုက်ပျိုးထုတ်လုပ်သူတောင်သူတို့ လိုအပ် သည်များကို   ပံ့ပိုးကူညီ‌ပေးသည်ဟုဆိုစေကာမူ  အကြောင်း အမျိုးမျိုးကြောင့် ပန်းတိုင်သို့မရောက်နိုင်ကြသေး။ စိုက်ပျိုးရေး အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း ဟူသည့် အချက်(၄) ချက်တို့လည်း အကြောင်းအမျိုးမျိုးတို့ကြောင့် မညီ နိုင်သေး။ ဤလေးချက်မညီခြင်းကြောင့် စိုက်ပျိုးသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်းမရနိုင်သေး။ အရေးအကြီးဆုံးသော လိုအပ် ချက်မှာ    စိုက်ပျိုးရေးကဏ္ဍတွင်   ပါဝင်ပတ်သက်နေကြသည့် လူများအားလုံး၏ အလုပ်လုပ်လိုစိတ်ပင်ဖြစ်သည်။
မိမိနိုင်ငံ၏ ပကတိအခြေအနေမှန်နှင့် ကိုက်ညီပြီး နိုင်ငံနှင့် ပြည်သူတို့၏ အကျိုးစီးပွားကို လျင်လျင်မြန်မြန် ဖြစ်ထွန်းစေနိုင် မည့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ရာတွင် တာဝန်ခံ ဆောင်ရွက်သူအဆင့်ဆင့်တို့မှာ အောက်ခြေ(Grass root level) အထိ အရေးပါသည်၊ အရေးကြီးသည်။ ထိုနည်းတူစွာပင် မိမိတို့ ၏   လယ်ယာမြေများပေါ်တွင်   ကိုယ်တိုင်စိုက်ကြ  ပျိုးကြ မည့်တောင်သူများ   အမြော်အမြင်ကြီးရန်၊  လုံ့လဝီရိယ  ပိုမို စိုက်ထုတ်ကြရန်လည်း လိုအပ်သည်။ အချုပ်အားဖြင့်ဆိုရလျှင် မိမိတို့အားလုံး   ကိုယ်အား၊   ဉာဏ်အား    အစွမ်းကုန်ဝါယမ စိုက်ကာ    နိုင်ငံ့စီးပွားမြင့်မားအောင်   ကြိုးပမ်းမြှင့်တင်ကြရပါမည့် အကြောင်း။       ။