ယာဉ်မတော်တဆဖြစ်မှုများနှင့် အဆိုပါ ယာဉ်မတော်တဆဖြစ်မှု များကြောင့် ဖြစ်ပေါ်လာရသည့် ထိခိုက်ဒဏ်ရာရမှုများ၊ သေဆုံးမှု များ လျော့နည်းကျဆင်းသွားရန်၊ ယင်းမှတစ်ဆင့် လုံးဝပပျောက် သွားစေရန်ရည်ရွယ်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council - NRSC) သည် National Road Safety Action Plan (2021- 2030) နှင့်အညီ မြန်မာနိုင်ငံ၏ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
လမ်းပေါ်မတော်တဆမှု (Road Accident) များကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများက အများဆုံး ဖြစ်နေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာတစ်ဝန်းတွင် လမ်းပေါ်မတော်တဆမှုများကြောင့် နှစ်စဉ်ပျမ်းမျှ လူ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံးနေရပြီး လူသန်းပေါင်း ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိနေသည်ဟု ထုတ်ပြန်ထားသည်။ ယာဉ်မတော် တဆမှုကြောင့် သေဆုံးရမှုများတွင် အာဖရိကနှင့် အရှေ့တောင် အာရှဒေသတို့က ထိပ်ဆုံးသို့ရောက်ရှိနေကြသည်။ ကမ္ဘာတစ်ဝန်း ယာဉ်စီးရေနှင့် ယာဉ်သုံးစွဲမှု တိုးတက်များပြားလာသည်နှင့်အမျှ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကလည်း ကြီးထွားလာလျက် ရှိရာ ကမ္ဘာတစ်ဝန်းလုံး၌ ဆယ်စုနှစ်အလိုက် စီမံချက်များ ချမှတ် ကာ ဟန့်တားထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် (၁)ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကြီးကြပ်မှု၊ (၂) ပိုမိုအန္တရာယ်ကင်း သောလမ်းများနှင့် ယာဉ်သွားလာမှု၊ (၃) ပိုမိုအန္တရာယ်ကင်းသော ယာဉ်များ၊ (၄) ပိုမိုအန္တရာယ်ကင်းသည့်လမ်းအသုံးပြုသူများ နှင့် (၅) ယာဉ်တိုက်မှုဖြစ်ပြီးပြီးချင်း တုံ့ပြန်ဆောင်ရွက်မှုဟူ၍ မဏ္ဍိုင်ကြီး (၅)ရပ်ကိုအခြေပြုကာ Decade of Action for Road Safety ကို အကောင်အထည်ဖော်လျက်ရှိသည်။ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီသည် ယာဉ်တိုက်မှုနှင့်သေဆုံး၊ ဒဏ်ရာရမှုများ လျော့နည်းကျဆင်း စေရေးအတွက် ယာဉ်မောင်းသူများသိရှိလိုက်နာစေရေး Quick Win အစီအမံ (၅) ရပ်ဖြစ်သော (၁) မော်တော်ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင် မောင်းနှင်စေရေး၊ (၂) မော်တော်ယာဉ်မောင်းနှင်နေစဉ် လက်ကိုင် ဖုန်းအသုံးမပြုရေး၊ (၃) အရက်သေစာမူးယစ်သောက်စား၍ မော်တော်ယာဉ်ကို မောင်းနှင်ခြင်းမရှိစေရေး၊ (၄) မော်တော်ယာဉ် မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ် ဝတ်ဆင်စေရေး၊ (၅) မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ် ထားသည့် အမြန်နှုန်းထက်ပို၍ မောင်းနှင်မှုမရှိစေရေးတို့ကို ချမှတ်ထားသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အထက်ပါ Quick Win အစီအမံ (၅) ရပ်ကို အလေးထားလိုက်နာကြရန် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ ပညာပေး ကာလ သတ်မှတ်ထားပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ယာဉ်မောင်းနှင်သွားလာနေကြသည့် ပြည်သူများနှင့် ဝန်ထမ်း များကို အသိပေးထားသည်။ လာမည့် စက်တင်ဘာလ ၁ ရက် နေ့တွင်မူ Quick Win အစီအမံ (၅) ရပ်ကို လိုက်နာရန် ပျက်ကွက် ပါက ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ် စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ သွားမည်ဖြစ်ရာ ဆိုင်ကယ်စီးလျှင် အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းပါက ဒဏ်ငွေကျပ် ၃၀၀၀၀၊ ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်းအသုံးပြုပါက ဒဏ်ငွေကျပ် ၃၀၀၀၀၊ ယာဉ်မောင်းစဉ် အသက်ကယ်ထိုင်ခုံခါးပတ် အသုံး မပြုပါက ဒဏ်ငွေကျပ် ၃၀၀၀၀၊ မူးယစ်သောက်စားမောင်းနှင်ပါက ဒဏ်ငွေကျပ် တစ်သိန်း၊ သတ်မှတ်ထားသော အရှိန်ထက် ကျော်လွန်မောင်းနှင်ပါက ဒဏ်ငွေကျပ် တစ်သိန်း ချမှတ်သွား မည်ဖြစ်ကြောင်း ကြေညာထားသည်။
Quick Win အစီအမံ (၅) ရပ်တို့သည် ယာဉ်တိုက်မှုနှင့် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရ၊ သေဆုံးမှုများ လျော့နည်း ကျဆင်းရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ရာ ယာဉ် အသုံးပြုသူ၊ လမ်းအသုံးပြုသူတိုင်းက လိုက်နာဆောင်ရွက်ကြရန် တာဝန်ရှိသည့်အလျောက် အလေးအနက်ထားကာ ပူးပေါင်း ပါဝင်ကြခြင်းအားဖြင့် ဘေးရန်ကင်းကွာကြပါစေကြောင်း။ ။