ယဉ်ကျေးပျူငှာ မြန်မာပြည်မှာ အကြမ်းဖက်ဝါဒ မရှိစေချင်ပါ

Type

စာချစ်သူ

====

 

၁၉၇၀  ပြည့်နှစ်အတွင်းက အမေရိကန်နိုင်ငံ ရာဇဝတ်မှုသမိုင်းတွင် အရက်စက်ဆုံး လူသတ်မှုကြီးတစ်ခုဖြစ်ပွားခဲ့သည်။ အသတ်ခံရသူ များမှာ ပြည်သူ့အချစ်တော် ရုပ်ရှင်မင်းသမီး ရှာရွန်တိတ်နှင့် အိမ်သား ခြောက်ဦးဖြစ်သည်။  ရှာရွန်တိတ်မှာ  ကိုယ်ဝန်ရှစ်လနှင့်   ဖြစ်သည်။ သတ်သူများမှာ လမ်းသရဲခေါင်းဆောင် ချားလ်မေဆင်နှင့် အပေါင်း အပါများဖြစ်သည်။  ဇိမ်ခံနေသော လူချမ်းသာများအား မုန်းတီးသဖြင့် အကြောင်းမဲ့ခုတ်ထစ်သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ဆို၏။
လူသတ်မှုသတင်းကို ထိုစဉ်က  သမ္မတနစ်ဆင် ဖတ်လိုက်ရသော အခါ   စိတ်ထိခိုက်သွားသည်။   ထို့နောက်    အမေရိကန်ပြည်ကြီးတွင် လူတွေစိတ်မိုက်ရိုင်းတွေဝင်ပြီး ပျက်စီးနေကြပါပေါ့လားဟု နစ်ဆင်က ညည်းတွားလေတော့သည်။

 


ထိုခေတ် မြန်မာပြည်၏   အခြေအနေမှာမူ  ရုပ်ဝတ္ထုပစ္စည်းများ အလျှံအပယ်ပေါကြွယ်ဝမှု   မရှိသော်လည်း   လူတိုင်းလူတိုင်း ဘဝကို အေးချမ်းပျော်ရွှင်စွာ  ဖြတ်သန်းနေထိုင်နိုင်ခဲ့ကြသည်။  အထူးသဖြင့် လုံခြုံစိတ်ချရသော ဝန်းကျင်ကောင်းကို ထိုစဉ်က ထူထောင်နိုင်ခဲ့သည်။

 


ပြန်ပြောင်းအမှတ်ရ

 


အမေရိကန်သမ္မတ ရီဂင်သည်   သူငယ်စဉ်က  အမေရိကားတွင် ကားလိုင်စင်မလိုဘဲ    မည်သူမဆို     ကားတက်မောင်းနှင်နိုင်သည့် လွတ်လပ်မှုမျိုးကို    ပြန်ပြောင်းလွမ်းဆွတ်တမ်းတခဲ့သလို  ကျွန်တော် သည်လည်း  ထိုခေတ်ကာလ  ကလေးဘဝက  ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ လုံခြုံမှု၊ အချင်းချင်းစည်းလုံးမှု၊   ချစ်ခင်မှု၊   အပြန်အလှန် တန်ဖိုးထားလေးစားမှု၊ လူကြီးသူမတို့အပေါ် ရိုသေကိုင်းရှိုင်းမှု၊ ရိုးသား ဖြူစင်မှုတို့ကို အမြဲပြန်ပြောင်းအမှတ်ရနေမိပါ၏။

 


၁၉၇၀ ပြည့်နှစ်ကျော် ကျွန်တော်တို့ ခြောက်နှစ်၊  ခုနစ်နှစ်သား အရွယ်တွင်မူ နိုင်ငံရေးလှုပ်ရှားမှုအချို့ ပေါ်ပေါက်လာသည်။  မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏  ဦးဆောင်မှုအပေါ်  မလိုလား မနှစ်ခြိုက် သူအချို့၏ဆန္ဒပြပွဲအချို့ ပေါ်ပေါက်လာသည်။ ဆန္ဒပြမှုများကို လုံခြုံ ရေးအဖွဲ့က နှိမ်နင်းမှုများလည်း ရှိလာသည်။ သို့သော် ကိစ္စမရှိ။ မြန်မာ့ လူမှုဝန်းကျင်တစ်ခုလုံးအပေါ်   သက်ရောက်မှုမရှိ၍  အသွားအလာ အနေအထိုင် မပျက်ယွင်းခဲ့ကြ။

 


ထို့နောက်ပိုင်းကာလရောက်တော့            “ပြည်ထောင်စုနေ့ အခမ်းအနား  ပျော်ပွဲရွှင်ပွဲကျင်းပရာ   ကျိုက္ကဆံကွင်းမှာ ဗုံးပေါက်လို့ တဲ့”   လူကြီးသူမများ၏ပြောဆိုသံများကို   စတင်ကြားလာရသည်။  သို့တစေ  ကလေးအရွယ်လူမမည်     ကျွန်တော့်မှာ    နားမလည်နိုင်ခဲ့ပါ။ သို့ကြောင့် . . .
“ဘာလို့ဖောက်တာလဲ၊ ဘယ်သူက ဖောက်တာလဲ”
“ပြည်ပြေးတွေက ဖောက်တာတဲ့”
“ပြည်ပြေးဆိုတာ ဘယ်သူတွေလဲ”
“သူပုန်တွေပေါ့ဟဲ့”
အမေ ရှင်းပြသည်များကလည်း    အလွယ်တကူ    နားမရှင်းပါ။ အရွယ်ရောက်လာတော့မှ ပြည်ပြေးဆိုသည်မှာ  ပါလီမန်ဒီမိုကရေစီ ခေတ်မှ   နိုင်ငံရေးသမားဟောင်းကြီးများဖြင့်    ဖွဲ့စည်းထားသော ပြည်ပအခြေစိုက် ပါလီမန်ဒီမိုကရေစီပါတီဟူ၍ သိရပါသည်။

 


သို့ရာတွင်  ထိုကဲ့သို့ ဗုံးထောင် ဗုံးခွဲအကြမ်းဖက်လုပ်ရပ်များမှာ ဆယ်ခါရံတစ်ခါ    အနည်းအကျဉ်းမျှသာ။ တိုက်ပွဲလမ်းကြောင်း ပုံသဏ္ဌာန်ထက်   နိုင်ငံရေးနည်းလမ်းအရသာအားပြုခဲ့၍     မြန်မာ့ လူ့အဖွဲ့အစည်းကို ထိတ်လန့်ရုံမျှသာဖြစ်ခဲ့ပါသည်။ 

 


ထို့နောက်ပိုင်း     ပါလီမန်ဒီမိုကရေစီပါတီမှ    နိုင်ငံရေးသမား ဟောင်းကြီးများသည် ၁၉၈၀ ပြည့်နှစ်တွင် ထိုစဉ်က မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီနှင့်     ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာ နိုင်ငံတော်အစိုးရ၏  လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြောင့်   ပြည်တော် ပြန်ဝင်လာကြသည့်အဆုံးဝယ်  မြန်မာပြည်သည် တစ်နိုင်ငံလုံးနီးနီး အေးချမ်းသာယာခဲ့ပါ၏။

 


၁၉၈၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်။ ထိုနေ့ ထိုရက်တွင် မြန်မာ့ မြေပေါ်၌ အကြမ်းဖက် ဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ထိုအကြမ်းဖက်မှုဖြစ်စဉ် ကား အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုဖြစ်ပါသည်။     မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအလည်အပတ်ရောက်ရှိနေသော ကိုရီးယားသမ္မတ နိုင်ငံ (တောင်ကိုရီးယား) သမ္မတ ချန်ဒူးဝှမ်နှင့် ဝန်ကြီးများ အာဇာနည် ဗိမာန်၌  လာရောက်ဂါရဝပြုကြစဉ်  ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့ သမ္မတနိုင်ငံ (မြောက်ကိုရီးယား)က စေလွှတ်ထားသော  အကြမ်းဖက် သမားသုံးဦးက အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ 


အသက်ဘေးမှလွတ်ကင်းခဲ့


မြောက်ကိုရီးယားတို့၏ အဓိကပစ်မှတ်  တောင်ကိုရီးယားသမ္မတ ကြီး ချန်ဒူးဝှမ်မှာ မိနစ်အနည်းငယ် နောက်ကျရောက်ရှိ၍  အသက် ဘေးမှလွတ်ကင်းခဲ့သော်လည်း        အစိုးရအဖွဲ့ဝင်ဝန်ကြီး  လေးဦး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီးအပါအဝင် ၁၇ ဦး သေဆုံး ကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြသည်။    မြန်မာနိုင်ငံဘက်မှ     လေးဦး  သေဆုံးကာ ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြသည်။

 


ထိုနေ့ မွန်းလွဲပိုင်းခန့်တွင် ကျွန်တော်သည် သူငယ်ချင်းအိမ်တွင် ဆော့ကစားနေခိုက် မြန်မာ့အသံမှ အထူးသတင်းတစ်ရပ်ကို ကြေညာ ပါတော့မည်ဟူသည့်   သတင်းထုတ်လွှင့်မှုကိုကြားရ၍  ဘာရယ်မဟုတ် နားစွင့်ကြည့်ရင်း သိလိုက်ရသည်။

 


ဗုံးပေါက်ကွဲမှုဖြစ်စဉ်အပြီး   နောက်တစ်ရက်တွင်   အကြမ်းဖက် အဖွဲ့ခေါင်းဆောင် ဇင်မိုအား  ပုဇွန်တောင်ချောင်းအတွင်း ပုန်းအောင်း နေခိုက်  အကြမ်းဖက်မှုကိုမလိုလားသည့်   တာဝန်သိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။  အောက်တိုဘာ ၁၂ ရက်တွင်လည်း ကော့မှူး မြို့နယ် သခွပ်ပင်ကျေးရွာ၌  အဖွဲ့ဝင် ကင်မင်ချူးနှင့် ဆင်ကီချူးတို့ကို တပ်မတော်က  အရှင်ဖမ်းမိရန်    လက်ဗလာနှင့်   လုံးထွေးဖမ်းဆီးစဉ် အကြမ်းဖက်သမားနှစ်ဦးက    လက်ပစ်ဗုံးနှင့်ပစ်ပေါက်ရာ     လက်ထဲ မှာပင်  ပေါက်ကွဲ၍ ဆင်ကီချူးကို အသေ၊  ကင်မင်ချူးကို  ဒဏ်ရာများ နှင့် ဖမ်းဆီးရမိခဲ့သည်။ အဆိုပါဖြစ်စဉ်အတွင်း  တပ်မတော်သားသုံးဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ကြရသည်။

 


အကြမ်းဖက်တရားခံများဖြစ်ကြသည့်    ဇင်မိုနှင့်    ကင်မင်ချူး တို့ကို  နောက်ပိုင်း   ရုံးထုတ်စစ်ဆေးခဲ့သည့်   သတင်းများကိုလည်း  ထိုစဉ်က    နိုင်ငံပိုင်သတင်းစာများတွင်    အဆက်မပြတ်ဖော်ပြပေးခဲ့ လေသည်။

 


သို့တစေ    ထိုအာဇာနည်ကုန်း   ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာလည်း တောင်၊  မြောက်ကိုရီးယား နှစ်နိုင်ငံ၏ နိုင်ငံရေး၊  ဝါဒရေးကွဲပြဲမှုများမှ တစ်ဆင့်  မြန်မာ့မြေပေါ်တွင်  လာရောက်အဖျားခတ်ခြင်းမျှသာဖြစ်၍ မြန်မာ့လူ့အဖွဲ့အစည်းအပေါ် ထူးထူးခြားခြား  သက်ရောက်မှုမရှိခဲ့ ပါချေ။

 


“ပုဇွန်တောင်စာတိုက်ဘူတာမှာ  ရန်ကုန်-မန္တလေး အမြန်ရထား ပေါ် ဗုံးကွဲလို့တဲ့”။  မှတ်မှတ်ရရ ၁၉၈၈ ခုနှစ်   နှစ်ဦးကာလကို ထို အနိဋ္ဌာရုံ အသံ၊ အနိဋ္ဌာရုံ မြင်ကွင်းတို့ဖြင့် စတင်ခဲ့သည်ဟုဆိုရပေမည်။

 


ကညွတ်ကွင်းဘူတာမှ  လိုက်ပါလာခဲ့သော ကေအင်န်ယူအဖွဲ့ဝင် အကြမ်းဖက်သမားတစ်ဦး   ထောင်ထားခဲ့သော   အချိန်ကိုက်ဗုံးဖြစ် ကြောင်း  ထိုစဉ်က  နိုင်ငံပိုင်သတင်းစာများတွင်   ထုတ်ပြန်ခဲ့သည်။ ချိန်ကိုက်ဗုံးကို  ရန်ကုန်ဘူတာကြီးတွင် ပေါက်ကွဲစေရန်   အချိန်ကိုက် စီစဉ်ထားခြင်းဖြစ်သော်လည်း  ရထားအဝင်နောက်ကျ၍ ပုဇွန်တောင်  စာတိုက်ဘူတာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ခရီးသည်အချို့ သေကျေ ဒဏ်ရာရခဲ့ကြသည်။

 


မြန်မာ့လူ့အဖွဲ့အစည်းကို  ထိတ်လန့်တုန်လှုပ်စေ

 


၈-၈-၁၉၈၈။  တစ်ပါတီစနစ်နှင့်    စီးပွားရေးကျပ်တည်းမှုများ အပေါ် ငြီးငွေ့နေကြသော    ပြည်သူအများစု၏   ၈၈  လူထုအရေးတော်ပုံ နောက်ပိုင်းကာလများတွင်     ပေါ်ပေါက်လာသော   နိုင်ငံပိုင်အဆောက် အအုံများ မီးရှို့ဖျက်ဆီးမှု၊ ရဲစခန်းများအား  ဝင်ရောက်စီးနင်းမှု၊ ဆင်းရဲ နွမ်းပါးသူများအား သူလျှိုဒလန်များ၊  ရေတွင်းရေကန်များတွင် အဆိပ် ခတ်သူများဟု     မဟုတ်တမ်းတရားစွပ်စွဲ၍     လူပုံအလယ်တွင် ခေါင်းဖြတ်သတ်မှုများက မြန်မာ့လူ့အဖွဲ့အစည်းကို  ကြီးစွာထိတ်လန့် တုန်လှုပ်စေသည်။
သို့တစေ  ထိုစဉ်က ခေတ်ပျက်ကာလသည် ကာလမကြာရှည်ခဲ့ပါ။ ၁၈-၉-၁၉၈၈ ရက်နေ့တွင်  တပ်မတော်က  နိုင်ငံတော်၏တာဝန်ကို လွှဲပြောင်းရယူပြီး   နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရတစ်ရပ် ထူထောင်ဖွဲ့စည်း၍ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊  လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေးတို့ကို အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့၍ မြန်မာ့လူ့အဖွဲ့အစည်းသည်   အချိန်တိုကာလအတွင်းမှာပင်  ပုံမှန်ပြန် လည်ပတ်သွားလေသည်။   

 


၁၉၈၉ ခုနှစ်တွင်မူ    အကြမ်းဖက်သမားတို့၏     အကြမ်းဖက် ဗုံးဖောက်ခွဲမှုဖြစ်စဉ်အချို့  ပေါ်ပေါက်လာခဲ့ပြန်သည်။ ရန်ကုန်မြို့တော် ခန်းမသို့ပါ၊  ပါဆယ်ဗုံးပေးပို့ဖောက်ခွဲခဲ့ရာတွင် ပါဆယ်ကို ဖွင့်ဖောက် သူ   ဝန်ထမ်းအချို့   သေကျေဒဏ်ရာရခဲ့သည့်ဖြစ်စဉ်များ၊ သန်လျင် ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။

 


ထို့နောက်ပိုင်းမှာလည်း  မှတ်မိသမျှ   ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင် အပူဇော်ခံထားရှိသည့်  ဗုဒ္ဓစွယ်တော်မြတ်အနီး ဗုံးပေါက်ကွဲမှု၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး  (၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး  နေအိမ်အတွင်း    ပါဆယ်ဗုံးပေါက်ကွဲမှု၊ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ စီးပွားရေးဗဟိုဌာနအဆောက်အအုံ ဗုံးပေါက်ကွဲမှုများ ကြိုးကြားကြိုးကြား ဖြစ်ပေါ်လာပြန်သည်။

 


သို့ရာတွင် ထိုအကြမ်းဖက်ဗုံးပေါက်ကွဲမှုဖြစ်စဉ်များသည် မြန်မာ့ လူ့အဖွဲ့အစည်းကို    ကြီးစွာသော   ခြိမ်းခြောက်မှုအသွင်မဆောင်ခဲ့။ လူမှုစီးပွားဘဝများအပေါ် ကြီးစွာမသက်ရောက်ခဲ့။  ပုံမှန်လူမှုစီးပွား ဘဝများကို ရပ်တန့်အောင် မစွမ်းဆောင်နိုင်ခဲ့ဟု ဆိုရပါမည်။

 


အဆိုပါ ခေတ်အလိုက်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များ ကို ကျွမ်းကျင်သူပညာရှင်အချို့က    သောင်းကျန်းမှုနှင့်ဆက်နွှယ်သည့် အကြမ်းဖက်မှုနှင့် နိုင်ငံရေးနှင့်  ပတ်သက်သည့် အကြမ်းဖက်မှုအဖြစ် ရှုမြင်သုံးသပ်ခဲ့ကြသည်။ သောင်းကျန်းသူများက  အစိုးရအဖွဲ့အတွင်း မတည်မငြိမ်ဖြစ်စေရန်၊ တပ်မတော်က ဆင်နွှဲနေသည့် စစ်ဆင်ရေးများ အာရုံပြောင်းသွားစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး အစိုးရနှင့်  သဘောထားချင်း မတိုက်ဆိုင်၍ ဆန့်ကျင်သည့်အဖွဲ့အစည်းများကမူ နိုင်ငံရေးအရ   ရည်ရွယ်လုပ်ဆောင်သော  အကြမ်းဖက်လုပ်ရပ်များဟု ယေဘုယျရှုမြင်သုံးသပ်ခဲ့ကြသည်။ 
                                                   

 


ပစ္စက္ခ ဖေဖော်ဝါရီ ၁ ရက်  မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ် နောက်ပိုင်းတွင်  ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များကမူ မြန်မာ့ လူ့အဖွဲ့အစည်းကို   ကြီးစွာသော   ခြိမ်းခြောက်မှုများဖြစ်ပေါ်စေခဲ့ သည်။ ယခင်ခေတ်ကာလများကဲ့သို့  ကြိုးကြားကြိုးကြား ကျူးလွန် ခြင်းမျိုးမဟုတ်တော့။  အကြမ်းဖက်မှု အကြိမ်အရေအတွက်မှာလည်း  ရေတွက်မှတ်သားရန်ပင် မစွမ်းသာတော့ပေ။

 


အကြမ်းဖက်သမားတို့၏  ပစ်မှတ်များကလည်း  မည်သည့်ခေတ် ကာလကမျှ   မကြုံဖူးသည့်   အများပြည်သူတို့နှင့်   သက်ဆိုင်သော စာသင်ကျောင်းများ၊ မီတာရုံးများ၊ စူပါမားကတ်များ၊  ရုံးအဆောက် အအုံများကို   ဗုံးခွဲဖျက်ဆီးမီးရှို့ခြင်းများ၊    အပြစ်မဲ့ပြည်သူများကို သေနတ်ဖြင့်     ချောင်းမြောင်းလုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများ၊ အရှင်လတ်လတ်  တာယာကွင်းစွပ်   မီးရှို့သတ်ဖြတ်မှုများဖြစ်လေ သည်။

 


လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ၏ အုပ်ချုပ် ရေးယန္တရားများ    ရပ်တန့်စေရန်   ရည်ရွယ်၍   အကြမ်းဖက်ဝါဒီ ခေါင်းဆောင်များက မသိနားမလည်သော လူငယ်အချို့ကို မြှောက်ပင့် သွေးထိုးလှုံ့ဆော်စေခိုင်းခြင်းဖြစ်သော်လည်း        ထိုအကြမ်းဖက် လုပ်ရပ်များသည်    ပြည်သူတို့၏    နိစ္စဓူဝ လူမှုဘဝကို  ဆိုးရွားစွာ ထိခိုက်လာသည်။

 


မြန်မာ့လူမှုဝန်းကျင်အတွင်း      အကြောက်တရားများလည်း ပျံ့နှံ့လာသည်။  ထိုအကြောက်တရားများကြောင့်     မယုံသင်္ကာစိတ် များ၊ သံသယစိတ်များ   ပေါ်ပေါက်လာပြီး   စည်းလုံးညီညွတ်မှုများကို ထိခိုက်လာသည်။   ရှေးအခါကကဲ့သို့    မိသားစုစိတ်ဓာတ်ဖြင့် ထိန်းကျောင်းနိုင်ခြင်းငှာလည်း မတတ်သာတော့ပြီ။
ထိုသောအခါ   ကျွန်တော်သည်  တစ်ချိန်က  သမ္မတနစ်ဆင် ညည်းတွားခဲ့သကဲ့သို့ပင်   “မြန်မာပြည်ကြီးမှာ  လူတွေစိတ်မိုက်ရိုင်း တွေဝင်ပြီး ပျက်စီးနေကြပါပေါ့လား”ဟု     ညည်းတွားချင်စိတ်   ပေါက်လာသည်။ ရီဂင်ကြီးကဲ့သို့လည်း   ကျွန်တော်တို့ငယ်စဉ်က ပျော်ရွှင်မှု၊ လွတ်လပ်မှု၊  ငြိမ်းချမ်းမှု၊ လုံခြုံမှု၊ စည်းလုံးညီညွတ်မှု၊ အပြန်အလှန် လေးစားတန်ဖိုးထားမှု၊  လူကြီးသူမတို့အပေါ်  ရိုသေ ကိုင်းရှိုင်းမှု၊  ရိုးသားဖြူစင်မှုတို့ကို ပြန်ပြောင်းအောက်မေ့  သတိရလာ သည်။ ယဉ်ကျေးပျူငှာသော မြန်မာပြည်မှာ အကြမ်းဖက်ဝါဒ မရှိစေ ချင်တော့ပါ။        ။