၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့သည် တရုတ်ရိုးရာလ ပြက္ခဒိန်အရ ကျားနှစ်မှ ယုန်နှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးနေ့ဖြစ်သည်။ နွေဦး၊ နွေ၊ ဆောင်းဦး၊ ဆောင်းဟူ၍ ရာသီ လေးခုရှိသည့် တရုတ်နိုင်ငံတွင် နှစ်သစ်ကူးပွဲတော်သည် နွေဦးပွဲတော်လည်းဖြစ်ပြီး အားလပ်ရက်ရှည်ကာလလည်း ဖြစ်သည်နှင့်အညီ လှပခမ်းနားသည့် ပွဲသဘင်များ၊ မိသားစု စုံညီပြန်လည်တွေ့ဆုံကြသည့် ဓလေ့ထုံးတမ်းအစဉ်အလာများ နှင့် လွန်စွာစည်ကားလျက်ရှိသည့် အချိန်အခါလည်း ဖြစ်သည်။
နှစ်ပေါင်းထောင်ချီ တည်တံ့လာခဲ့သည့် ရိုးရာအစဉ်အလာ ဖြစ်သော တရုတ်နှစ်သစ်ကူးပွဲတော်ကို တရုတ်နွယ်ဖွားများ ပျံ့နှံ့နေထိုင်ရာ အရှေ့အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ၊ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများတွင်လည်း အစဉ်အလာမပျက် ကျင်းပကြရာ မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်စည်ကားစွာ ကျင်းပကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ တို့သည် နှစ်နိုင်ငံနယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေ သကဲ့သို့ ကူးလူးဆက်ဆံမှုမှာလည်း ရှည်လျားသည့် သမိုင်း ကြောင်း ရှိသည်။ ရေချင်း၊ မြေချင်း ဆက်စပ်နေသည့်အလျောက် တစ်ဖက်မှတစ်ဖက်သို့ အခြေချနေထိုင်မှုများမှာလည်း ရှေးကတည်းကပင်ရှိသည်။ မြန်မာတို့ နေ့စဉ်စားကြသည့် အစားအစာများထဲတွင်လည်း တရုတ်ရိုးရာအစားအစာများစွာ ပါရှိနေပြီး နှစ်ခြိုက်စွာ စားသုံးနေကြခြင်းလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒေသအနှံ့အပြားတွင် တရုတ်နွယ်ဖွားတို့ ပျံ့နှံ့ နေထိုင်ကြသည့်နည်းတူ တရုတ်ယဉ်ကျေးမှုဓလေ့ထုံးစံတို့ မှာလည်း မြန်မာတို့နှင့် ရင်းနှီးကျွမ်းဝင်လျက်ပင်ရှိနေပြီဖြစ်သည်။
ရန်ကုန်မြို့တွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နှစ်သစ်ဆုမွန်ကောင်းစကား ပြောကြားရာတွင် “မြန်မာ နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးများ၊ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများအတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုးမရှိသည့် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည်လည်း မြန်မာ နိုင်ငံအတွက် အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်သကဲ့သို့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် ရေး မိတ်ဖက်နိုင်ငံတစ်ခုလည်းဖြစ်ပါကြောင်း” ထည့်သွင်း ပြောကြားခဲ့ပြီး မိမိတို့အားလုံး ပိုမို၍ချစ်ခင်ကြပါစေရန်၊ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှု ပိုမိုရရှိကြပါစေရန်နှင့် မြန်မာ နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာအနှံ့တွင် နေထိုင် နေကြသည့် တရုတ်နွယ်ဖွားများ၊ တရုတ်နိုင်ငံသားများအား လုံး ပျော်ရွှင်စေရန်၊ စီးပွားလာဘ်လာဘတိုးပွားစေရန်၊ ကျန်းမာဘေးကင်း၊ လိုအင်ဆန္ဒပြည့်ဝစေရန်အတွက်ပါ ဆုတောင်းမေတ္တာ ပို့သခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် မိတ်ဝတ်မပျက် ဆက်ဆံနေထိုင်ရာတွင် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက် သော နိုင်ငံခြားရေးမူဝါဒနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကြီး (၅) ရပ်ကို လက်ခံကျင့်သုံးသည်။ အိမ်နီးချင်းနိုင်ငံ များဆိုသည်မှာလည်း ထာဝရယှဉ်တွဲနေထိုင်သွားကြရမည် ဖြစ်သည့်အလျောက် ရင်းနှီးချစ်ကြည်စွာ နေထိုင်သွားကြရမည် ဟူသည့် အချက်ပေါ်တွင် မြန်မာနိုင်ငံက စွဲမြဲစွာ ရပ်တည် ကျင့်သုံးလျက်ရှိပါကြောင်း။ ။