
မောင်မျိုးအောင် (ပန်းဧရာ)
လောကတွင် ရှင်သန်နေထိုင်လျက်ရှိသော လူသား များအတွက် အသက်ရှင်နေသမျှ ကာလပတ်လုံး အပေါင်းအသင်းသည် အလွန်အရေးကြီး၏။ လူဟူ၍ ဖြစ်တည်လာကတည်းက တစ်ဦးတစ်ယောက် တည်း ထီးတည်းရှင်သန်ရန်၊ ရပ်တည်နိုင်ရန်ကား ခက်ခဲကြမ်းတမ်းလှပေသည်။ သို့ဖြစ်၍ ပေါင်းသင်း ဆက်ဆံရန် “ကောင်းတူ ဆိုးဖက်၊ သေဖော်ရှင်ဖက်၊ အေးအတူပူအမျှ၊ ဖေးမကူညီပေးတတ်သော အပေါင်းအသင်း ” ဟူသည့် အပေါင်းအသင်းကောင်း တစ်ရပ်လည်း အထူးတလည်ပင် လိုအပ်လာပါ သည်။ ထိုအယူအဆသည် မြန်မာ့လူမှုဘဝနယ်ပယ် တွင်သာမက ကမ္ဘာ့လူမှုအသိုက်အဝန်းနယ်ပယ် တွင်ပါ မပြောင်းလဲနိုင်သော နိယာမတစ်ခုပင်ဖြစ် သကဲ့သို့ ဘိုးစဉ် ဘောင်ဆက်၊ မိစဉ်ဖဆက် ရင်းနှီး စွာဆက်ဆံပေါင်းသင်းလာခဲ့သော ခြံစည်းရိုးချင်း ဆက်၊ တံစက်မြိတ်ချင်းထိဖြစ်သည့် အိမ်နီးချင်း အတွက်လည်းလိုအပ်၏။ အိမ်နီးချင်းဟု ဆိုရာတွင် အိမ်တစ်အိမ် အိမ်နီးချင်းမှသည် ပိုင်နက်နယ်မြေ၊ ပြည်သူလူထု၊ အစိုးရ၊ အချုပ်အခြာအာဏာနှင့် နိုင်ငံတကာအသိအမှတ်ပြုမှု စသော အင်္ဂါရပ်များ ပါဝင်သည့် နိုင်ငံတစ်နိုင်ငံ၏ အိမ်နီးချင်းများ အထိ ပါဝင်ပေသည်။ အိမ်နီးချင်းနိုင်ငံဟူသည် ရွေးချယ်၍မရစကောင်း ဖြစ်ထွန်းတည်တံ့လာသော ရေထု၊ မြေထုနှင့်လေထုချင်းနီးစပ်မှုမှသည် ပေါ် ထွက်လာရ၏။
အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံရှိ
ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်တွင် ရေချင်း၊ မြေချင်း ထိတွေ့ဆက်စပ်လျက် ရှိနေသော အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံရှိပြီး တရုတ်နိုင်ငံ နှင့် ၁၃၈၄ မိုင်၊ လာအိုနိုင်ငံနှင့် ၁၄၆ မိုင်၊ ထိုင်းနိုင်ငံ နှင့် ၁၃၀၄ မိုင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ၁၆၉ မိုင်၊ အိန္ဒိယနိုင်ငံနှင့် ၉၀၃ မိုင် စသည်တို့ဖြင့် ကုန်းမြေ နယ်နိမိတ်ထိစပ်လျက် ရှိသည်။ မြန်မာ့အိမ်နီးချင်း အဖြစ် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မိတ်ဝတ်မပျက် ချစ်ကြည်ရင်းနှီးစွာဖြင့် အိမ်နီးချင်းကောင်းပီသစွာ နေထိုင်လျက်ရှိသော နိုင်ငံများထဲတွင် မိမိတို့ နိုင်ငံ ၏မြောက်ဘက်နှင့် အရှေ့မြောက်ဘက် တစ်နံ တစ်လျားရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံလည်း ပါဝင်ပေသည်။
မြန်မာနှင့်တရုတ်၊ တရုတ်နှင့်မြန်မာသည် မြေချင်းဆက်၊ တောင်ချင်းဆက်သည်သာမက ဥတုရာသီ၊ သဘာဝအလှ၊ ရေမြေတောတောင်အလှ တို့တွင်သာမက ယဉ်ကျေးမှုချင်းတူညီမှုရှိသကဲ့သို့ နှစ်နိုင်ငံသမိုင်းကြောင်းတွင်လည်း တူညီမှုများရှိခဲ့ သည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ၏ ချစ်ကြည်ရေး ပြယုဂ်တစ်ခုဖြစ်သော သံလွင်မြစ်သည် တိဗက်ပြည် အရှေ့ဘက်ကအစပြု၍ တရုတ်နိုင်ငံ၏ပြည်နယ် နှစ်ခုအတွင်း ဖြတ်သန်းစီးဆင်းကာ မြန်မာပြည် အရှေ့မြောက်ဘက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသမှတစ်ဆင့် ကယားပြည်နယ်၊ ကရင် ပြည်နယ်တို့ကိုဖြတ်သန်း၍ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီး မုတ္တမပင်လယ်ကွေ့မှတစ်ဆင့် ဘင်္ဂလားပင်လယ်အော် (အက်ဒမန်ပင်လယ်)အတွင်း စီးဝင်လျက်ရှိသည်။ ကမ္ဘာပေါ်တွင် လူမျိုး ကွဲ များပြားစွာတည်မှီမှု ပြုရသော မြစ်တစ်စင်း ဖြစ်ပြီး ဖြတ်သန်းစီးဆင်းရာ ခရီးစဉ်တစ်လျှောက် တွင်လည်း လူမျိုးများအလိုက် အမည်နာမကွဲ စုံဖြင့် အမည်ပေးခေါ်ဝေါ်ခြင်းခံရသော မြစ်ကြီးတစ်စင်း လည်းဖြစ်သည်။ မြန်မာ-တရုတ် အမည်နာမ အရကွဲပြားသော်ငြား တစ်ရေတည်း သောက်ကြ သည်ဟု ညွှန်းဆိုနိုင်သည်။ ခွဲမရသောအိမ်နီးချင်းနီးစပ်မှုပင်ဖြစ်ပေသည်။ “လူမျိုးချင်းဆက်၊ မြေချင်း ဆက်၍၊ ရေဆက်တောင်ဆက်၊ မြစ်တွေဆက်ခဲ့၊ ဟိုဘက်ဥယျာဉ်၊ ဒီဘက်တွင်လည်း၊ ပန်းတွေပဲပေါ့၊ မခွဲမခြား၊ တစ်သားထဲလျှင်၊ ဥယျာဉ်တစ်ခု၊ ပမာပြု လောက်၊ ဂုဏ်မြောက်လှတဲ့တူညီမှု” စာသား အတိုင်းပင်ဖြစ်သည်။
သက်ဦးဆံပိုင်ဘုရင်စနစ်သည်ချုပ်ငြိမ်း
တရုတ်နိုင်ငံသည် လူ့သမိုင်းတွင် နိုင်ငံအဖြစ် စတင်ရပ်တည်နိုင်သော အစောဆုံး နိုင်ငံများတွင် အပါအဝင်ဖြစ်ပြီး လူတို့သမိုင်းကိုတစ်ခေတ်ဆန်းစေခဲ့သည့် စာရေးနည်း၊ စာရွက်ပုံနှိပ်ပညာ၊ မင်နှင့် ယမ်းတို့ကို တီထွင်ခဲ့သည်။ တရုတ်ရှေးဟောင်း ယဉ်ကျေးမှုသမိုင်းသည် မြစ်ဝါမြစ်ဝှမ်းဒေသမှ စတင်၍ တရုတ်ပြည်မြောက်ပိုင်းတစ်ခွင်တွင် စတင်ပေါ်ထွန်းခဲ့ပြီး နှစ်ပေါင်း ၆၀၀၀ ကျော်မျှ မင်းဆက်ပေါင်းမြောက်မြားစွာ စိုးစံခဲ့သည်။ ၁၉ ရာစု အစပိုင်းတွင် အနောက်နိုင်ငံမှ နယ်ချဲ့များ တရုတ်နိုင်ငံသို့ စတင်ရောက်ရှိလာခဲ့ပြီး ဗြိတိသျှတို့ သည် တရုတ်နိုင်ငံသို့ ဘိန်းများတင်သွင်းခဲ့ကာ နိုင်ငံ အား အင်အားချည့်နဲ့လာစေခဲ့သည်။ ထိုကဲ့သို့ ဘိန်း တင်သွင်းမှုကြောင့် ၁၈၄၁ ခုနှစ်မှ ၁၈၄၂ ခုနှစ်အထိ ပထမဘိန်းစစ်ပွဲ၊ ၁၈၅၆ ခုနှစ်မှ ၁၈၆၀ ပြည့်နှစ်အထိ ဒုတိယဘိန်းစစ်ပွဲတို့ကို ဆင်နွှဲခဲ့ရပြီး ၎င်းဘိန်းစစ်ပွဲ များတွင် အရေးနိမ့်မှုမှသည် တရုတ်ဘုရင်၏ ဩဇာ သည်လည်း ကျဆင်းလာခဲ့ရသည်။ ၁၉၁၁ ခုနှစ်တွင် ဒေါက်တာဆွန်ယက်ဆင် ဦးစီး၍ တုန်မင်ဝှေ့ (ခေါ်) အမျိုးသားအသင်းအဖွဲ့များဖွဲ့စည်း၍ မန်ချူးတို့ကို တော်လှန်ခဲ့ပြီး ၁၉၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ တွင် တရုတ်သမ္မတနိုင်ငံ(Republic of China) ကို ထူထောင်နိုင်ခဲ့ကာ ၎င်းအချိန်မှစ၍ တရုတ်နိုင်ငံ၏ သက်ဦးဆံပိုင်ဘုရင်စနစ်သည် ချုပ်ငြိမ်းခဲ့၏။
၁၉၁၁ ခုနှစ်တွင် အမျိုးသားလှုပ်ရှားမှုအတွက် ဖွဲ့စည်းခဲ့သည့် တုန်မင်ဝှေ့အသင်းများကို စုစည်းခဲ့ပြီးနောက် တရုတ်အမျိုးသားရေးပါတီ (Kuomintang) ကူမင်တန်ပါတီ(KMT) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ အခြားတစ်ဖက်တွင် လည်း လီဝှာကျောက်၊ ချင်တူရှု၊ မော်စီတုန်းနှင့် လူရှောက်ချီ စသော ကွန်မြူနစ်ခေါင်းဆောင် တို့ကဦးစီး၍ ၁၉၂၁ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ (CCP)ကို ဖွဲ့စည်းခဲ့ကြသည်။ နိုင်ငံရေးအင်အားစု ၂ ခု၏ ကာလရှည်ကြာစစ်ပွဲများသည် ၁၉၄၉ ခုနှစ်တွင် မော်စီတုန်း၏ဦးဆောင်မှုဖြင့် ကွန်မြူနစ် တို့က အောင်ပွဲရရှိခဲ့သည့်အတွက် ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ထူထောင်ခဲ့ကြသည်။
ကူမင်တန်တို့အားမောင်းထုတ်နိုင်ခဲ့
အမေရိကန်နှင့်အနောက်နိုင်ငံများ၏ထောက်ခံမှုဖြင့် ကူမင်တန်အစိုးရသည် ၁၉၃၁ ခုနှစ်အထိ တရုတ်နိုင်ငံ၏တရားဝင်အစိုးရအဖြစ် ကမ္ဘာ့ ကုလသမဂ္ဂတွင် နေရာရခဲ့သည်။ တရုတ်ပြည်မက ၁၉၇၁ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်လာသော အခါမှ ကူမင်တန်(ထိုင်ဝမ်)အစိုးရသည် ကုလသမဂ္ဂ အဖွဲ့ဝင်အဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားခဲ့ သည်။ ၁၉၅၀ ပြည့်နှစ်ကာလအတွင်း တရုတ်ဖြူ ကူမင်တန်များသည် အမေရိကန်၏အကြံပေးမှုဖြင့် မြန်မာ့နိုင်ငံနယ်စပ်တွင်ခြေကုပ်ယူ၍ တရုတ်နိုင်ငံ ယူနန်နယ်အတွင်း ဝင်ရောက်တိုက်ခိုက်ပြီး လွတ် မြောက် နယ်မြေဖန်တီးရန်၊ ၎င်းမှတစ်ဆင့် တရုတ် ပြည်မကြီးအတွင်းအထိ တစ်စတစ်စတိုက်ခိုက် သိမ်းပိုက်ရန် စီစဉ်ခဲ့ကြသည်။ ထို့ကြောင့်လည်း ယူနန်ပြည်ဘက်မှ တရုတ်ဖြူတပ်များသည် မြန်မာ နိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်လာခဲ့သည်။ တရုတ်ဖြူများ၏ ကျူးကျော်မှုသည် နယ်ချဲ့စီမံကိန်း အထိပါဝင်နေပြီး မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ ကိုပါ ချိုးဖောက်ရာ ရောက်နေသည့်အတွက် တရုတ် ဖြူကျူးကျော်ရေးသမားများကို မြန်မာ့တပ်မတော် က တွန်းလှန်တိုက်ထုတ်ခဲ့ရသည်။ မြန်မာနိုင်ငံ နှင့်အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ကောင်းမွန်သောဆက်ဆံရေးကိုလည်း ပျက်ပြားစေ ရန် ကြံစည်ခဲ့ခြင်းဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကိုလည်း ချိုးဖျက် ရန် ကြံစည်ခဲ့သည်။ မြန်မာနှင့်တရုတ်သည် “ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်စေနှင့် ” ဟူသည့်အတိုင်း အိမ်နီးချင်းကောင်း ပီသစွာ အစိုးရချင်း၊ ပြည်သူချင်း၊ တပ်မတော်ချင်း ရင်းရင်း နှီးနှီးရှိခဲ့ခြင်းဖြင့် ကူမင်တန်တို့အား လက်တွဲညီညီ နိုင်ငံအတွင်းမှ မောင်းထုတ်နိုင်ခဲ့သည်။ ညီညွတ် ခြင်း၊ အေးချမ်းခြင်း၊ တိုးတက်ခြင်းကို မလိုလား သူတို့က အစဉ်အမြဲ ပဋိပက္ခမျိုးစုံ ကြံစည်စိတ်ကူး ဆောင်ရွက်နေလျက်ရှိပေမည်။
တရုတ် ကွန်မြူနစ်ပါတီထူထောင်သည့် နှစ်(၁၀၀) ပြည့်
၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်သည် တရုတ် ကွန်မြူနစ်ပါတီထူထောင်သည့် နှစ် (၁၀၀) ပြည့် ဖြစ်ပြီး တရုတ်နိုင်ငံတစ်ခုလုံးအတွက် အရေးပါ သည့်နေ့ဖြစ်သကဲ့သို့ တရုတ်နိုင်ငံလူနေမှုအဖွဲ့ အစည်း တစ်ခုလုံး၏ အရေးပါသော သမိုင်းဝင် မှတ်တိုင်တစ်ခုလည်းဖြစ်သည်။ ထိုနှစ်ပေါင်း ၁၀၀ ကာလအတွင်း တရုတ်နိုင်ငံသည် နက်ရှိုင်းလှသော နိုင်ငံရေး၊ အတွေးအခေါ်၊ ဒဿန၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများနှင့် ကြုံတွေ့ခဲ့ပြီး တရုတ်ကွန်မြူနစ် ပါတီနှင့် တရုတ်ပြည်သူများသည် ဘက်စုံနည်းလမ်း စုံဖြင့် သာလွန်ကောင်းမွန်သော လူမှုအဖွဲ့အစည်း တည်ထောင်နိုင်ရေး ယုံကြည်မှုဖြင့် အပြင်းအထန် ကြိုးပမ်းခဲ့ရာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအင်အားကြီးနိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။ ထိုသို့ ညီညွတ်သောစွမ်းအား၊ ပြင်းထန်သည့်ယုံကြည်မှု တို့ကြောင့် ယနေ့တွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးထုနှင့် အကြီးဆုံးပို့ကုန် နိုင်ငံ၊ သွင်းကုန်နိုင်ငံဖြစ်လာစေပါသည်။ ထို အောင်မြင်မှုများသည် တရုတ်ပြည်သူတို့၏ မယိမ်း ယိုင်သောညီညွတ်မှု၊ တည်ကြည်သည့် ကြံ့ကြံ့ခံ နိုင်စွမ်းနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ပြည့်စုံ ကောင်းမွန်သော ဦးဆောင်မှုစွမ်းရည်တို့ကြောင့် ပင် ဖြစ်သည်။ တရုတ်နိုင်ငံသည် မော်စီတုန်း၏ ခေါင်းဆောင်မှုအောက်၌ နိုင်ငံတကာ၏ များပြားလှ သော ဖိအားများအကြားတွင် နိုင်ငံအားပြန်လည် တည့်မတ်စေခဲ့သည့်အပြင် အင်အားတောင့်တင်း သော ကာကွယ်ရေးစွမ်းအားကို တည်ဆောက်၍ တရုတ်၏ စွမ်းရည်ပြည့်ဝမှုကို ပြသနိုင်ခဲ့သည်။ အမျိုးသားခေါင်းဆောင်တစ်ဦးဖြစ်သော တိန့်ရှောင် ဖိန်၏ ခေါင်းဆောင်မှုအောက်မှ တရုတ်နိုင်ငံအား ကမ္ဘာ့စီးပွားရေးအသိုက်အဝန်းသို့ ရင်ကော့ ခေါင်းမော့၍ ပြန်လည်ဝင်ရောက်စေရေးပုံဖော်ပေးနိုင်ခဲ့သည်။ ကျန်ဇီမင်း၊ ဟူကျင်းတောင်း စသည့် နောင်မျိုးဆက်ခေါင်းဆောင်များသည်လည်း တိန့် ရှောင်ဖိန်၏လမ်းစဉ်အတိုင်း တစိုက်မတ်မတ် လျှောက်လှမ်း၍ တရုတ်ပြည်သူများ၏ လူနေမှုဘဝအဆက်မပြတ်ကောင်းမွန်လာစေရေး အခြေခံ အုတ်မြစ်ကို ခိုင်ခိုင်မာမာချမှတ်ပေးခဲ့သည်။ လက်ရှိ သမ္မတရှီကျင့်ဖျင်လက်ထက်တွင် တရုတ်နိုင်ငံသည် ဘက်စုံ၊ ကဏ္ဍစုံ တိုးတက်လာသည်နှင့်အမျှ ကျေးလက်လူနေမှုဘဝအဆင့်အတန်း မြှင့်တင်ရေး
စသည့်စိန်ခေါ်မှုအသစ်များ ပေါ်ထွက်လာခြင်း၊ စက်မှုထွန်းကားမှုကြောင့် သဘာဝပတ်ဝန်းကျင် အပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ ထိုင်ဝမ်ခွဲထွက် ရေးသမားများ အရေး၊ အမေရိကန်နိုင်ငံမှ စတင်ခဲ့ သော ကုန်သွယ်ရေးစစ်ပွဲ၊ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါ စသည့် ပဋိပက္ခမျိုးစုံ၊ ဖိအားပေးမှုမျိုးစုံ၊ အကျပ်အတည်းမျိုးစုံတို့ကို ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိပါသည်။ သို့သော် နိုင်ငံအတွင်းရှိအမှုထမ်းများနှင့် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များ၏ အတွေ့အကြုံ၊ တရုတ်ပြည်သူတစ်ရပ်လုံး၏ တစ်ခဲနက်ထောက်ခံမှုတို့ဖြင့် ပြဿနာ၊ ပဋိပက္ခ မျိုးစုံကို အောင်မြင်စွာ ကျော်လွှားနေလျက်ရှိသည်။ တရုတ်နိုင်ငံ၏ ဦးဆောင်ဦးရွက်ပြုသူနှင့် တစ်နိုင်ငံ လုံးမှ ပြည်သူတစ်ရပ်လုံး ပါဝင်သည့် စည်းလုံး ညီညွတ်စွာဆောင်ရွက်ခဲ့မှု စသည့်အကြောင်း အချက်များမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အတုယူ သင့်ပေသည်။
အင်အား ၅ သန်းခန့်ရှိ
ယနေ့ တရုတ်နိုင်ငံကြီးသည် နှစ်ပေါင်း ၃၀ အတွင်းတွင် ဆင်းရဲမှုမှ လွတ်မြောက်ပြီး ကမ္ဘာ့ အလယ်တွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအင်အား တောင့်တင်း ခိုင်မာလာမှုသည် နိုင်ငံကိုဦးဆောင်ဦးရွက်ပြုခဲ့သော တရုတ်ကွန်မြူနစ်ပါတီ၏ အခန်း ကဏ္ဍသည် အဓိကကျသကဲ့သို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (People's Liberetion Army- PLA) သည်လည်း အခရာကျ လှပါသည်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် ၁၉၂၇ ခုနှစ် ဩဂုတ်လ ၁ ရက် တွင် စတင်ဖွဲ့စည်းခဲ့သဖြင့် ယနေ့ဆိုလျှင် (၉၄)နှစ်မြောက်ပင်ရှိပေသည်။ တရုတ်တပ်မတော်သည် ၁၉၃၄ ခုနှစ်နှင့် ၁၉၃၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ သမိုင်းဝင်ခရီးရှည် ချီတက်မှုအားဆောင်ရွက်ခဲ့ပြီး အလုပ်သမားနှင့်တောင်သူလယ်သမားတပ်မတော် သို့မဟုတ် တရုတ်တပ်နီတော်ဟုခေါ်တွင်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် တရုတ်တပ်နီတော်သည် ဂျပန် တို့၏ ကျုးကျော်မှုကို ကူမင်တန်တို့နှင့် ဒုတိယ အကြိမ်လက်တွဲ၍ ဆန့်ကျင်တိုက်ခိုက်ခဲ့ သည်။ ဂျပန်တို့ စစ်ရှုံးပြီးနောက် ပြည်တွင်းစစ်ကာလတွင် တရုတ်တပ်နီတော်အား ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သည် အမျိုးသားတပ်မတော်ဖြစ်လာခဲ့ ပြီး အင်အား ၅ သန်းခန့်ရှိခဲ့သည်။ တပ်မတော် ခေတ်မီရေးပြုပြင်ပြောင်းလဲမှုများကို ခေတ်အဆက် ဆက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
တရုတ်ပြည်သူ့သမ္မတ ရှီကျင့်ဖျင်ဦးဆောင် သည့် အဖွဲ့ဝင် ၇ ဦးပါဝင်သော ဗဟိုစစ်ကော်မရှင် (The Central Military Commissions of CPC) သည် တရုတ်နိုင်ငံ စစ်ဘက်ဖွဲ့စည်းပုံတွင် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံတော်လက်နက်ကိုင် အဖွဲ့များအားလုံး ပေါင်းစည်းကွပ်ကဲခြင်း၊ စစ်ရေး မဟာဗျူဟာဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ စစ် လက်နက်ပစ္စည်းများ တိုးတက်တီထွင်ထုတ်လုပ် မှုနှင့် တပ်ဆင်မှုတို့အား ကြီးကြပ်ခြင်း စသည်တို့ အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးအပေါ်တွင် ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖြစ် ဆောင်ရွက်ရ သော အဖွဲ့အစည်းဖြစ်သည်။
တရုတ်နိုင်ငံသည် အမျိုးသားကာကွယ်ရေးမူဝါဒ(National Defense Policy) ချမှတ်ရာတွင် ခုခံကာကွယ်ရေး(Defensive)ကို အလေးပေးသော မူဝါဒကိုသာ ဦးစားပေးချမှတ်ဖော်ဆောင်နေလျက် ရှိသည်။ ထို့အပြင် နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်း ကာကွယ်ခြင်း၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားနှင့် တရုတ်ပြည်သူတို့၏အကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်ခြင်းတို့ကိုလည်း အခြေခံ၍ နိုင်ငံတော်ကာကွယ်ရေးမူဝါဒကိုချမှတ် ခဲ့သည်။ တရုတ်နိုင်ငံ၏ အမျိုးသားကာကွယ်ရေးမူဝါဒချမှတ်မှုအားကြည့်ပါက တရုတ် တပ်မတော် အနေဖြင့် နိုင်ငံကာကွယ်စောင့်ရှောက်ရေးအတွက် မည်မျှအထိအလေးပေးနေကြောင်း ထင်ရှားလှပါ သည်။ တပ်မတော်၏အင်အားနှင့် မူဝါဒခိုင်မာ တောင့်တင်းမှသာ နိုင်ငံတည်ငြိမ်အေးချမ်းတည်တံ့နေမည်မှာ သံသယဖြစ်ဖွယ်မရှိသည့်အချက်ပင် ဖြစ်ပါသည်။
စဉ်ဆက်မပြတ်တည်ရှိနေမည်
နိုင်ငံတစ်နိုင်ငံအတွက် ကာကွယ်ရေးစွမ်းအားတောင့်တင်းခိုင်မာမှုသည် အဓိက ကြလှ၏။ ကာကွယ်ရေးစွမ်းအားကို တောင့်တင်းစေသည့် စစ်ရေးအင်အားကြီးမားမှုအတွက် စီးပွားရေး အင်အားကြီးမားမှုသည် အပြန်အလှန်သဖွယ် အမှီသဟဲဖြစ်၏။ ယနေ့မျက်မှောက်ခေတ်၌ ကမ္ဘာ့ ကုန်ပစ္စည်းများထုတ်လုပ်ရေးတွင် တရုတ်နိုင်ငံ၏ စွမ်းဆောင်ရည်မြင့်မားလာခြင်းသည် ကမ္ဘာ့သြဇာ အာဏာ၏ ချိန်ခွင်လျှာညီမျှရေးတွင် အခြေခံကျ သည့် ပြောင်းလဲမှုတစ်ရပ်ဖြစ်ကြောင်း ဖော်ညွှန်း လျက်ရှိပါသည်။ စီးပွားရေးအရင်းအမြစ်များသည် စီးပွားရေးအင်အားကြီး နိုင်ငံတစ်ခုအဖြစ်သာမက ကာကွယ်ရေးအင်အားကြီး နိုင်ငံအဖြစ်လည်း ဖန်တီးပြောင်းလဲနိုင်စွမ်းရှိသည်ကို ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်သော ကျွန်ုပ်တို့နိုင်ငံအဖို့ ယှဉ်တွဲလေ့လာ၍ အတုယူရပေမည်။ ကာကွယ်ရေး အင်အားကြီးထွား မှုသည် ကမ္ဘာ့နိုင်ငံရေးတွင် အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် စဉ်ဆက်မပြတ် တည်ရှိနေမည်ဖြစ်ကြောင်းကိုလည်း သတိပြုသင့် လှပါသည်။
အိမ်နီးချင်းပီသစွာအသိအမှတ်ပြု
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ (၉၄)နှစ်မြောက် ခရီးတစ်လျှောက်တွင် မြန်မာ့ တပ်မတော်နှင့် အားကောင်းသောရင်းနှီးချစ်ကြည်မှု ရှိခဲ့သည်။ အိမ်နီးချင်းနိုင်ငံပီသစွာ နှစ်နိုင်ငံနိုင်ငံ့ ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များ မိတ်ဝတ်မပျက် ချစ်ကြည်သွားလာလျက် မိသားစု သဖွယ်ရှိခဲ့ကြသည်။ နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှု၏ ထူးခြားသည့် ဝိသေသတစ်ခုပင်ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၁၉၈၈ ခုနှစ် တပ်မတော်က နိုင်ငံတော်တာဝန်ကိုရယူပြီး နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအစိုးရအပေါ် အပြည့် အဝထောက်ခံကာ ရင်းနှီးချစ်ကြည်စွာ ဆက်ဆံခဲ့ သည်။ အစိုးရအဖွဲ့အချင်းချင်း ဆက်ဆံရေးမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုနက်ရှိုင်းခိုင်မာလာခဲ့သည့်အပြင် တပ်မတော်အချင်းချင်းဆက်ဆံရေးနှင့် အပြန်အလှန် ပူးပေါင်းမှုများသည်လည်း တိုးတက်လာခဲ့သည်။ အချို့သော အနောက်နိုင်ငံ များက ကမ္ဘာ့မျက်နှာစာတွင် မြန်မာနိုင်ငံ အစိုးရ အပေါ် ထိုးနှက်တိုက်ခိုက်ရန် ပြင်ဆင်ဆောင်ရွက် ခဲ့မှုများကိုလည်း တရုတ်နိုင်ငံအစိုးရအနေဖြင့် မယိမ်းမယိုင်သည့် ချစ်ကြည်ရင်းနှီးမှုကို အခြေတည် ၍ မှန်ကန်သောရပ်တည်မှုမျိုးဖြင့် ဆောင်ရွက် ပေးခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်တာဝန်အရပ်ရပ်ကို ထိန်းသိမ်းရာတွင်လည်း ဒီမိုကရေစီစနစ် မယိမ်းယိုင် ရေးဆောင်ရွက်ချက်ဖြစ်ကြောင်း အိမ်နီးချင်းပီသစွာ အသိအမှတ်ပြုခဲ့သည်။ အချို့သော နိုင်ငံများ၏ နိုင်ငံရေးခြေထိုးလိုမှုကိုလည်း မြန်မာ့အရေးသည် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုများလာပါက ရှုပ်ထွေး ပွေလီနိုင်ကြောင်းကိုလည်း နိုင်ငံတကာသို့ ချပြ ခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အရေးကြီးသော အိမ်နီးချင်းအင်အားကြီး နိုင်ငံ တစ်ခုဖြစ်သကဲ့သို့ မြန်မာနိုင်ငံသည်လည်း တရုတ် နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရ အလေးထား ရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ် ဖက်နိုင်ငံများဆက်ဆံရေးအဆင့်သို့ လျှောက်လှမ်း နေသည်နှင့်အမျှ အမြင်ချင်းဖလှယ်ခွင့်၊ အပြန်အလှန် ယုံကြည်မှု၊ ချစ်ခင်ရင်းနှီးမှု အပြန်အလှန် နားလည်သိမြင်မှုတို့ကို ပိုမိုခိုင်မာစွာ တည်ဆောက် နိုင်မည်သာဖြစ်ပေသည်။
ညီရင်းအစ်ကိုဆက်ဆံရေး
လူပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦးအတွက် ခိုင်မာသော ဆက်ဆံရေး၊ နွေးထွေးသော ချစ်ကြည်ရင်းနှီးမှုတို့ရရှိစေရန်အတွက် ယုံကြည်မှုသည် မဖြစ်မနေ ကျော်ဖြတ်ရမည့် အဆင့်တစ်ခုဖြစ်ပေသည်။ နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံမဆိုထားနှင့် လူပုဂ္ဂိုလ် တစ်ဦးနှင့်တစ်ဦး ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ရန်မှာ မလွယ်ကူပေ။ တစ်အူ ထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမနှင့် ဆွေမျိုးသား ချင်းတို့အတွက် မခက်ခဲသော်လည်း ဆွေမတော်၊ မျိုးမစပ်လူသားများနှင့် တည်ဆောက်ထားသည့် တပ်မတော် နှစ်ရပ်အတွက်မှာ ဆိုဖွယ်ရာမရှိတော့ပြီ။ သို့သော်လည်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်သည် မိသားစုပုံစံဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြ သဖြင့် ညီရင်းအစ်ကို ဆက်ဆံရေးသဖွယ် နောင်ဆယ်စုနှစ်ပေါင်းများစွာ ပိုမိုတိုးတက်ခိုင်မြဲလာ ခဲ့စေမည်မှာ အမှန်ပင်ဖြစ်ပေသည်။
(၉၄) နှစ်မြောက်ခရီး
အချုပ်အားဖြင့်ဆိုသော် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ (၉၄) နှစ်မြောက် ခရီး တာကာလအတွင်း အရေအတွက်ကြီးမားသော တပ်မတော်မှ အရည်အသွေးမြင့်မားသော တပ်မတော်ဖြစ်ရေး၊ လူအင်အားအဓိကထားခြင်းမှ အသိပညာအဓိကထားရေးကို ပြောင်းလဲတည် ဆောက်နိုင်ခဲ့သဖြင့် ကမ္ဘာ၌ အင်အားကြီးမားသည့် စွမ်းဆောင်မှုရှိသော တပ်မတော်အဆင့်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်ပေသည်။ မြန်မာနှင့်တရုတ်တပ်မတော် နှစ်ရပ်သည် မှန်ကန်သောရပ်တည်ချက်၊ ပြည့်ဝ သော သဘောထား၊ ခိုင်မာသောသန္နိဋ္ဌာန်စိတ်ဓာတ် ဖြင့် အပြုသဘောဆောင်သော ကြိုးပမ်းအားထုတ်မှု များဖြင့်သာ အိမ်နီးချင်းကောင်းပီသစွာ ရပ်တည် နေလျက်ရှိပါသည်။ “ဘယ်သူခွဲခွဲ၊ ဒို့မကွဲဘဲ၊ လက်တွဲ ပူးပေါင်း၊ နှစ်သောင်းသိန်းချီ၊ ချစ်ကြည် မည်ဟု ”စာသားအတိုင်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ် ထာဝရချစ်ကြည်ရင်းနှီးမှု တည်တံ့နေပေမည်ဟု ယုံကြည်ရင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ (၉၄)နှစ်မြောက် ကာလမှသည် နောင်နှစ်ပေါင်းများစွာတည်တံ့ကာ ကမ္ဘာကြီး၏ ကောင်းကျိုးဟူသမျှတွေကို ဆောင်ရွက်နိုင်ပါ စေကြောင်း ဆန္ဒပြုလိုက်ရပါတော့၏။
- Log in to post comments