ယူအီးအက်ဖ်အေယူရိုပါလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်များ မဲခွဲရွေးချယ် မန်ယူနှင့် ဘက်တစ်၊ အာဆင်နယ်နှင့် လစ္စဘွန်းအသင်းတို့ ဆုံတွေ့နေ

ယူအီးအက်ဖ်အေယူရိုပါလိဂ် ၃၂ သင်းအဆင့် ပွဲစဉ်များ ယှဉ်ပြိုင် ကစားပြီးနောက် ၁၆ သင်းအဆင့်  ပွဲစဉ်များကို  ဖေဖော်ဝါရီ ၂၄ ရက်က ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့၌ မဲခွဲရွေးချယ်ခဲ့ရာ စပိန် နာမည်ကြီး ဘာစီလိုနာအသင်းကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သော တန်ဟတ်၏ မန်ယူအသင်းက စပိန်ကလပ် ရီးရဲဘက်တစ်အသင်း နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 
အာတီတာ၏    အာဆင်နယ်အသင်းက    ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းနှင့်        ရင်ဆိုင်ကစားသွားရမည် ဖြစ်သည်။ အခြားသော ပွဲစဉ်တွေ့ဆုံမှုများအဖြစ် ဂျာမန်ကလပ် ယူနီယံဘာလင်က ဘယ်လ်ဂျီယံကလပ် ယူနီယံ စိန့်ဂီလ်လော့ဆီ၊ စပိန်ကလပ် ဆီဗီလာက တူကီယဲကလပ် ဖီနာဘာချီ၊ အီတလီ ကလပ် ဂျူဗင်တပ်က ဂျာမန်ကလပ် ဖရိုင်းဘတ်နှင့် တွေ့ဆုံနေ သည်။ ထို့အပြင် ဂျာမန်ကလပ် လေဗာကူဆင်က ဟန်ဂေရီ ကလပ် ဖာရင်ဗားရို့စ်၊   အီတလီကလပ်  ရိုးမားက စပိန်ကလပ်    ဆိုစီဒက်၊ ယူကရိန်းကလပ်   ရှက်တာဒိုးနက်က   နယ်သာလန် ကလပ် ဖီယင်နုအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေသည်။ 
ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်များကို  လာမည့်  မတ် ၉ ရက်၊ ၁၆ ရက်တို့တွင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ 
တစ်ဆက်တည်းတွင်     ယူအီးအက်ဖ်အေကွန်ဖရင့်လိဂ် ၁၆ သင်းအဆင့်   ပွဲစဉ်များကိုလည်း  မဲခွဲထုတ်ပြန်လိုက်ရာ ဝက်စ်ဟမ်းက   လာနာကာ၊ ဖီအိုရင်တီးနားက  ဆီဗာပေါ၊ လာဇီယိုက အယ်ခမာ၊ ဘေဆယ်က   ဆလိုဗန်၊   ရှီးရစ်ဖ်က  နိုက်စ်၊    အန်ဒါလက်ချ်က   ဗီလာရီးရဲ၊ ပို့ဇန်က  ဒီဂျာဂါးဒန်း၊  ဂျန့်က    အစ္စတန်ဘူလ်အသင်းတို့နှင့်     ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။                                                                                                     
အောင်ဇော်