ယူရို ၂၀၂၀ ဗိုလ်လုပွဲတက်မှာ အီတလီလား၊ စပိန်လား...

 

 

ယူရို ၂၀၂၀ ပြိုင်ပွဲ   ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ်  အီတလီအသင်းနှင့် စပိန်အသင်း တို့   ဇူလိုင် ၇ ရက် နံနက် ၁ နာရီခွဲတွင်     ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။   
အီတလီအသင်းသည်     ကွာတား ဖိုင်နယ်အဆင့်တွင်     ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ   အဆင့်(၁)နေရာ တွင်  ရပ်တည်နေသော ဘယ်လ်ဂျီယံ အသင်းကို  ဘာရယ်လာ၊  အစ်ဆစ်ဂ်နီတို့ ၏   သွင်းဂိုးများနှင့်အတူ   နှစ်ဂိုး - တစ်ဂိုးဖြင့်   အနိုင်ရရှိကာ  ယူရိုပြိုင်ပွဲ   ဆီမီးဖိုင်နယ်သို့   တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။      ပြိုင်ဘက်စပိန်အသင်းက   အဆိုပါ    အဆင့်တွင်  ဆွစ်ဇာလန် အသင်းနှင့်     ယှဉ်ပြိုင်ကစားခဲ့ပြီး  ပယ်နယ်တီ အဆုံးအဖြတ်တွင် သုံးဂိုး- တစ်ဂိုးဖြင့်   အနိုင်ရရှိကာ    ဆီမီး ဖိုင်နယ်သို့     တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
နည်းပြမန်စီနီ တာဝန်ယူကိုင်တွယ် နေသည့်      အီတလီအသင်းသည်   ယူရို  ၂၀၂၀ပြိုင်ပွဲ တွင်     ပုံစံကောင်းရရှိနေသည့် အသင်းဖြစ်ပြီး အသင်းမှ ဒွန်နာ ရမ်မာ၊ ချီလီနီ၊ ဘိုနူချီ၊ အစ်ဆစ်ဂ်နီ၊  အင်မိုဘီလီ စသည့်    ကစားသမားများ  ခြေစွမ်းပြသထားနိုင်သည်ကို  တွေ့ရသည်။  အထူးသဖြင့်   ပြီးခဲ့သည့်   ဘယ်လ်ဂျီယံအသင်းနှင့်   ပွဲစဉ်တွင်     အသင်းလိုက်     စွမ်းဆောင်ရည်    ကောင်းမွန်ခဲ့သည်ကို  တွေ့ရသည်။ အီတလီနည်းပြ မန်စီနီသည် ၁၉၈၄ ခုနှစ်   ဟီဒဲလ်ဂို   နောက်ပိုင်း  ယူရိုချန်ပီယံရှစ်ပြိုင်ပွဲတွင်    ပထမဆုံး ကိုင်တွယ်သည့် ငါးပွဲတွင် ငါးပွဲစလုံး အနိုင်ရရှိခဲ့သည့် မှတ်တမ်းကို တစ်ကျော့ပြန်စွမ်းဆောင်နိုင်ခဲ့သူအဖြစ် မှတ်တမ်းတင်ထားသည်။ 
ပြိုင်ဘက် စပိန်အသင်းက ယူရိုပြိုင်ပွဲတွင် ငါးပွဲကစားထားရာ နှစ်ပွဲ သာ နိုင်ပွဲရရှိထားပြီး  သုံးပွဲသရေကျထားသောကြောင့် အသင်းလိုက်စု ဖွဲ့မှုအားနည်းနေသည်ဟု ဆိုနိုင်သည်။ ထို့အပြင် ပြီးခဲ့သည့် ဆွစ်ဇာလန် အသင်းနှင့်ပွဲစဉ်တွင် ထိရောက်သည့် ဂိုးကန်သွင်းခွင့်များ ရရှိခဲ့သော် လည်း အသုံးမချနိုင်ခဲ့သည်ကို တွေ့ရသည်။  အီတလီအသင်းနှင့် စပိန် အသင်းတို့  နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုမှာ ၂၀၁၇ ခုနှစ်ကဖြစ်ပြီး စပိန်အသင်းက  သုံးဂိုးပြတ် အနိုင်ရရှိထားသည်။ သို့သော်လည်း ယူရို ပြိုင်ပွဲတွင် အဆုံးသတ်ပိုင်းအားနည်းသည့် စပိန်အသင်းအနေဖြင့် ပုံစံ ကောင်းရရှိနေသည့် အီတလီအသင်းကို အနိုင်ရရှိသွားမလား စိတ်ဝင် စားဖွယ်ရာ ဖြစ်သည်။
အီတလီအသင်းမှ  စပင်နာဇိုလာအနေဖြင့် ယနေ့ပွဲစဉ်ကို ဒဏ်ရာ ကြောင့် ပါဝင်လာနိုင်ဖွယ်မရှိသလို စပိန်အသင်းမှ  ဆာရာဘီယာသည် လည်း   ဒဏ်ရာကြောင့်  ပါဝင်လာနိုင်ဖွယ်  မရှိချေ။ သို့သော်လည်း အီတလီအသင်းရော စပိန်အသင်းပါ ယူရိုပြိုင်ပွဲတွင် အောင်မြင်မှုနှင့် ဝေးကွာနေသည့်အတွက် ယနေ့ပွဲစဉ်ကို ရလဒ်ကောင်းရရှိရန် အတောင့် တင်းဆုံးပုံစံဖြင့်  ပွဲထွက်လာကာ နောက်တစ်ဆင့်တက်ရောက်နိုင်ရေး အကောင်းဆုံးကြိုးစားလာဖွယ်ရှိနေသည်။ 
လက်ရှိ ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် (၆) နှင့် (၇) နေရာတို့တွင် ရပ်တည်နေသည့် အသင်းနှစ်သင်း ဆုံတွေ့နေသည့်အတွက် လည်း    ပရိသတ်အကြိုက်  ပွဲကောင်းတစ်ပွဲ ဖြစ်လာဖွယ်ရှိနေသည်။ ထို့ကြောင့်  မည်သည့်အသင်းက  ရလဒ်ကောင်းရရှိကာ ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့  တက်လှမ်းသွားမလဲ ဆိုသည်ကို ဇူလိုင် ၇ ရက် နံနက်ပိုင်းတွင် အဆုံးအဖြတ်ပေးသွားတော့မည်ဖြစ်သည်။ အောင်ဇော်