“ဆွေဆွေအုန်း (ရန်ကုန်တက္ကသိုလ်)” ရေးသားသည့် “သက်စွန့်ဆံဖျား တောင်တက်ခြင်း အားကစား” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ) ဒုတိယဆု စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“သက်စွန့်ဆံဖျား တောင်တက်ခြင်း အားကစား” လူငယ်များအား ကိုယ့်တာဝန် ကိုယ်ကျေပွန်စွာ ထမ်းဆောင်လျက် လောကကြီးထဲသို့ ထူးထူးချွန်ချွန် ထိုးဖောက်ဝင်ရောက်ပြီး ဇွဲသတ္တိရှိရှိ အပြန်အလှန် ရိုင်းပင်းကူညီတတ်ကာ အဖွဲ့အစည်း စိတ်ဓာတ်ရှိလာစေရန်၊ အများအကျိုး သယ်ပိုးဆောင်ရွက်တတ်စေရန်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအကြောင်းများကို ပို၍သိလာစေရန် စသည့် ရည်ရွယ်ချက် ကောင်းများဖြင့် ရေးသားထားပါသည်။
တောင်တက်ခြင်းအားကစား၏ သမိုင်းကြောင်း၊ တောင်တက်နည်းစနစ်များ၊ တောင်တက် သုံးကိရိယာများ၊ တောင်တက်ခြင်းနှင့် ဆက်နွှယ်ဖြစ်ပွားတတ်သော ရောဂါများနှင့် ပြုစုပုံတို့ကို ဓာတ်ပုံ၊ ရုပ်ပုံများဖြင့်လည်းကောင်း၊ ကျမ်းကိုးများဖြင့်လည်းကောင်း ဝေဝေဆာဆာ ရေးသားဖော်ပြ ထားသောကြောင့် ခြေလျင် တောင်တက်အားကစားကို စိတ်ဝင်စားသည့် လူငယ်များနှင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားသူများအတွက် ဗဟုသုတရရှိစေမည့်အပြင် အထောက်အကူ ဖြစ်စေနိုင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို ရောင်းစျေး (၂၅¬¬၀၀) ကျပ်ဖြင့် အမှတ် ၅၂၉ - ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ် (တ- ၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်း ကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်၊ အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။