၂၀၁၉ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ် ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင်  မြန်မာစာပေအကျိုးကို  ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ် ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့်  စာရေးဆရာကြီး ဦးအံ့မောင် (အံ့မောင်) နှင့် စာပေပညာရှင်  ဆရာကြီး ဦးညွန့်မောင် (မောင်မောင်ညွန့်- မန်းတက္ကသိုလ်) တို့အား ၂၀၁၉ ခုနှစ်အတွက်  အမျိုးသားစာပေ တစ်သက်တာ ဆုရှင်များအဖြစ် ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရသည်။
ထိုနည်းတူ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီသည် ၂၀၁၉ ခုနှစ်အတွင်း ပထမ အကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ် ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာရာ ဝတ္ထုရှည်ဆု တွင် မိုးကျော်ဇင် ရေးသားသည့် ငါးဖမ်းသမားစာအုပ်  (ကံ့ကော်ဝတ်ရည်စာပေ)၊ ဝတ္ထုတိုဆုတွင်   နတ်မောက်အနီချို  ရေးသားသည့် လမ်းဆုံးတော့ရွာ မဂ္ဂဇင်းဝတ္ထုရှည်များ စာအုပ် (လင်းလွန်းခင် စာပေတိုက်)၊ ကဗျာဆုတွင် ပန်ဒိုရာ ရေးသားသည့် ခရုပစ်လောင်ချာ စာအုပ် (နှစ်ကာလများ စာပေ)၊  စာပဒေသာဆုတွင်  ဉာဏ်ဝေ (မြစ်သာမြေ) ရေးသားသည့် နှင်းတောင်တန်းက ပန်းဥယျာဉ်စာအုပ် (ဆိပ်ကမ်းသာစာပေ)၊   ဘာသာပြန်  (သုတ) ဆုတွင် ဘိုးလှိုင်ဘာသာပြန်ဆိုသည့် ဂျဝါဟာလားနေရူး၏ လျှပ်တစ်ပြက် ကမ္ဘာ့သမိုင်းစာအုပ် (နှင်းဆီဖြူစာပေ)၊ ဘာသာပြန် (ရသ) ဆုတွင် စိန်ဝင်းစိန်ဘာသာပြန်ဆိုသည့် ဝါဆောကရုပ်သေး ဆရာလေးစာအုပ်  (လင်းလွန်း ခင်စာပေတိုက်)၊  သုတပဒေသာ (ဝိဇ္ဇာ) ဆုတွင် ဒေါက်တာဇော်နိုင်ရေးသားသည့် ၂၀ရာစု မြန်မာကဗျာများ ပြောင်းလဲဖြစ်တည်လာပုံစာအုပ် (မိုးသောက်ပန်း စာအုပ်တိုက်)၊ သုတပဒေသာ (အသုံးချသိပ္ပံ) ဆုတွင် ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး) ရေးသားသည့် ကင်ဆာရောဂါနှင့် မြန်မာ့အစားအစာစာအုပ် (ရှင်မတောင်စာပေ)၊ နိုင်ငံရေးစာပေဆုတွင် ဆင်ဖြူကျွန်းသန်းထွန်း ရေးသားသည့် မြန်မာ့နိုင်ငံခြားဆက်ဆံရေးများစာအုပ် (Quality Publishing House)၊ ရသစာတမ်း (အက်ဆေး) ဆုတွင် မောင်ခိုင်လတ်ရေးသားသည့် ဘုရားသခင်နဲ့ကြွေအန် ကစားသူများ အက်ဆေးစုစည်းမှု စာအုပ် (ဝန်ချတောင်စာပေ) တို့ကို ရွေးချယ်ကြောင်း သိရသည်။

အမျိုးသားစာပေ တစ်သက်တာဆုကို တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ချီးမြှင့်မည်ဖြစ်ပြီး အမျိုးသားစာပေဆု များကို တစ်ဆုလျှင် ငွေကျပ်  ၂၅ သိန်း   ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပုံနှိပ်ရေးနှင့်စာအုပ် ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၅၄ ဦးဖြင့် ဖွဲ့စည်းထားပြီး သက်ဆိုင်ရာဘာသာရပ်အလိုက်  ခွဲခြားကာ ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြုအဆင့်ဟူသော အဆင့်သုံးဆင့်ဖြင့် စနစ်တကျ စိစစ်ရွေးချယ် ခဲ့ကြကြောင်း သိရှိရသည်။

ဆုရရှိသူများသည်   ရန်ကုန်မြို့ အမှတ် ၅၂၉-၅၃၁ ကုန်သည်လမ်း စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ် ထောက်ပံ့မှုကော်မတီ ဖုန်း ၀၁-၃၈၇၇၂၄ နှင့် ၀၁-၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ် ကြရန်နှင့် (၅ x  ၈)လက်မ  ရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့  အရွယ်ရောင်စုံဓာတ်ပုံ နှစ်ပုံစီကို  ကိုယ်ရေး ရာဇဝင်အကျဉ်းချုပ်နှင့်တကွ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုးဆော် ထားကြောင်း သိရသည်။

အဆိုပါ ဆုများကို ၁၃၈၂ ခုနှစ် နတ်တော် လဆန်း ၁ ရက် (စာဆိုတော်နေ့) ၂၀၂၀ ပြည့် နှစ် ဒီဇင်ဘာလ  ၁၅ ရက်  (အင်္ဂါနေ့)  တွင် ရန်ကုန်မြို့၌  ကျင်းပမည့်  အမျိုးသားစာပေ တစ်သက် တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားတွင် ချီးမြှင့်မည်ဖြစ်ကြောင်း  သိရသည်။uentmg

uentmgb

unyuntmg

unyuntmgb

moekyawzin

moekyawzinb

anicho

anichob

pandora

pandorab

nyanwai

nyanwaib

boehlaing

boehlaingb

seinwinsein

seinwinseinb

zawnaing

zawnaingb

hlakyi

hlakyib

thantun

thantunb

khainglatt

mgkhainglatt

 

အကြံပြုစာ/တိုင်ကြားစာ