“ကြာညိုချစ်ဝေ (ရွှေသုတ်မြေ)” ရေးသားသည့် “မခြွေရက် ကြွေရက်ကယ်မျော” စာအုပ်သစ်ကို စာပေဗိမာန်က ထုတ်ဝေဖြန့်ချိ လိုက်ပြီဖြစ်ပါသည်။
အဆိုပါစာအုပ်သည် ၂ဝ၁၅ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ပြဇာတ်စာပေ ဒုတိယဆုရ စာမူဖြစ်ပြီး စာပေဗိမာန်က ပြည်သူ့လက်စွဲစာစဉ်အဖြစ် ထုတ်ဝေဖြန့်ချိလိုက်ခြင်း ဖြစ်သည်။
“မခြွေရက် ကြွေရက်ကယ်မျော” စာအုပ်တွင် ခေတ်အမြင် ခေတ်အတွေးဖြင့် လက်တွေ့ကျကျ ရေးဖွဲ့သည့် ပြဇာတ်ရှည်ဖြစ်သည်။ အခန်း ၅၆ ခန်း၊ ဇာတ်ဆောင် ၁၃ ဦးနှင့် လိုအပ်သော အခြားဇာတ်ရံများဖြင့် ပါဝင်ရေးဖွဲ့ထားသည်။ ဇာတ်လမ်း၏ ရည်ရွယ်ချက်မှာ မျက်မှောက်ကာလတွင် ခေတ်စားလျက်ရှိသော လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာပေး ဇာတ်လမ်းဖြစ်ပြီး မြစ်ဝကျွန်းပေါ် ဒေသ မြို့နယ်တစ်ခုကို အခြေခံထားသည်။ ငယ်စဉ်က ကျောင်းနေဖက်များ ချစ်ခင်ပျော်ရွှင်စွာဖြင့် ဘဝကို အတူဖြတ်သန်းရင်း ပညာသင်ကြရာတွင် ပညာတစ်ပိုင်းတစ်စ ဖြစ်ကြရသူရှိသလို နောင်အခါ တရားသူကြီး၊ တရားရုံးချုပ်ရှေ့နေ၊ အထူးစုံစမ်းစစ်ဆေးရေးမှူး၊ စခန်းမှူး စသည်ဖြင့် ပြောင်းလဲစေခဲ့သူလည်းရှိသည်။ သို့ရာတွင် တစ်ချိန်က ချစ်သူအမျိုးငယ်သည် ယခုတော့ တရားခံဘဝဖြင့် ချစ်သူတရားသူကြီး၏ အဆုံးအဖြတ်ခံယူရတော့သည်။ ရိုးသားသော တိုင်းရင်းသားများကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ လူကုန်ကူးမှုအတွက် အမှုရင်ဆိုင်ရပြီး ပြစ်မှုက လွတ်ရန် အကြောင်းမရှိ၊ တစ်ချိန်က သူငယ်ချင်းများကဥပဒေဘက်တော်သားများဖြစ်ကြရာ တာဝန်အရ ဆောင်ရွက်ကြသည်။ တရားသူကြီး၏ တရားခံချစ်သူကို ငဲ့ညှာခြင်းမပြုဘဲ ဥပဒေနှင့်အညီ အမိန့်ချခြင်းဖြင့် ဇာတ်သိမ်းထားသည်။ ပြဇာတ်၏ အခင်းအကျင်း ဇာတ်ကောင်စရိုက် အပြန်အလှန် ပြောဆိုမှုများ ပီပြင်လှသည်။ လှုပ်ရှားမှုများ သရုပ်ပေါ်ကာ သဘာဝကျသော အရေးအသားများပါဝင်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
အဆိုပါစာအုပ်ကို တန်ဖိုး ၁၆၀၀ ကျပ်ဖြင့် အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန်စာအုပ်ဆိုင်က ဖြန့်ချိပြီး နေပြည်တော် သပြေကုန်းစျေးရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၆၇-၃၄၁၄၆၈၁)၊ မန္တလေးမြို့ ၈၆ လမ်း (၂၁ လမ်းနှင့် ၂၂ လမ်းကြား) ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ဝ၂-၄၀၃၀၁၈၆) တို့နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။ လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့ (ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ဝ၁-၈၃၈၁၄၄၈) စာပေဗိမာန် စာအုပ်ဆိုင်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။