တန့်ယန်း ဇန်နဝါရီ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နိုင်ငံတစ်ဝန်းကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးက နိုင်ငံတစ်ဝန်း ကာကွယ်ဆေးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ကာကွယ်ဆေးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်သော လုပ်ငန်းဆောင်ရွက်မှု Video Clip ကို ပရိုဂျက်တာဖြင့် ပြသခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းတို့မှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)