မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၅)အစည်းအဝေးသို့ တက်ရောက်

ချမ်းအေးသာစံ နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၅/၂၀၂၅)အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများနှင့်ကုမ္ပဏီများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်ကအဖွင့်အမှာစကားပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုများအား ပြည်သူများနှင့်သဘာဝပတ်ဝန်းကျင်တို့အပေါ် အကျိုးသက်ရောက်မှုကောင်းများရှိစေသည့် ရင်းနှီးမြှုပ်နှံမှုများကိုအားပေးမြှင့်တင် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများပိုမိုမြန်ဆန်အောင် ဆောင်ရွက်ပေးနိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ  ပိုမိုဝင်ရောက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ မြန်ဆန်သွက်လက်စွာ စိစစ်ခွင့်ပြုချထားပေးလျက်ရှိပြီး တင်ပြလျှောက်ထားလာမှုနှင့် မြေပြင်တွင်အမှန်တကယ်လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေမှုများနှင့် ကိုက်ညီရန်လိုအပ်ပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါက်တာမင်းဇော်ဦးက ယခင်(၄/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ယခုအစည်းအဝေးတွင် တင်ပြလျှောက်ထားလာမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ကုမ္ပဏီများမှတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးက တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။    

ထွန်းထွန်းနိုင်