ချမ်းအေးသာစံ နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀%နှင့် သားသမီးများအား ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အာမခံအလုပ်သမား ၂၂၉ ဦး၏သားသမီး ၃၁၃ ဦးအတွက် ပညာသင်စရိတ်ထောက်ပံ့ကြေးငွေကျပ်သန်း ၁၂.၁၀၈ နှင့် အာမခံအလုပ်သမား ၂၅,၅၃၄ တို့အတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀% ကျပ်သန်း ၂၀,၂၀.၃၁၉ အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။ အခမ်းအနားပြီးတွင် တက်ရောက်လာကြသည့် ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် အာမခံအလုပ်သမားများအား အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသရေးယာဥ်ဖြင့် ဆေးကုသခံယူနေမှူများအား ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ အရာထမ်း၊ အမှူထမ်းများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)