ချမ်းအေးသာစံ နိုဝင်ဘာ ၁၂
ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် ၁၄ အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာ ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ ချမ်းအေးသာစံမြိုန့ယ် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ဝါဝါကျော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးစိုင်းအောင်မိန်းမှ ကျောင်းသားလူငယ်များအား အသိပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် မှတ်သားလိုက်နာဖွယ်ရာ ဗဟုသုတအကြောင်းအရာများစွာကို ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား မှတ်သားလိုက်နာစေရန် “ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများ၊ မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာများနှင့် လူငယ်များသိကောင်းစရာ အကြောင်းအရာများ” စတဲ့ ခေါင်းစဉ်များဖြင့် ဟောပြောခဲ့သည်။ အခမ်းအနားပြီးတွင် ကျောင်းသား၊ကျောင်းသူများ ဗဟုသုတများစွာရရှိစေရန် သုတ၊ရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ နံရံကပ်ဆိုင်းဘုတ်ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)