ချမ်းအေးသာစံမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ချမ်းအေးသာစံ  နိုဝင်ဘာ ၂၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာကြီး ဦးကြည်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ရာ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးနှင့်အတူ ပါဝင်ဆွေးနွေးပြောကြားခဲ့သည်။

လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားရာတွင် “လူငယ်များမှတ်သားဖွယ်ရာ အကြောင်းအရာများ၊ တိုးတက်လာသော နည်းပညာအကြောင်းအရာများ၊ လူငယ်များ၏ ဘဝတက်လမ်းကို ဖျက်ဆီးစေသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများနှင့် မူးယစ်ဆေးဝါးအန္တာရယ် အကြောင်းအရာများ” စသည့် ခေါင်းစဥ်ရပ်များဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)