ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန် မြို့နယ်အဆင့်သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာသင်တန်းတွင် မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(၁) ဦးသန်းကြွယ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဇင်မင်းထွန်းက လွတ်တော်ရွေးကောက်ပွဲ ဥပဒေများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ရွေးကောက်ပွဲလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရမည့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍနှင့် သတင်းမီဒီယာဥပဒေများအကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(၂) ဦးကျော်စိုးဝင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းလမ်းညွှန်များ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲအရာရှိ ဦးမင်းစိုးနိုင်က မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်၊ ရွေးကောက်ပွဲ စနစ်အကြောင်း၊ မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ စက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲ ရလဒ်စာရင်းပြုစုပုံနှင့် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သိများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်တန်းသား/သူများကို သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကျော်သန်းထွန်း၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(၁) ဦးသန်းကြွယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်နှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်