မှော်ဘီမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (ဒုတိယအကြိမ်) မဲစာရင်းကပ်ထား ကြေညာမှုအား ပြည်သူများလာရောက်ကြည့်ရှု

မှော်ဘီ နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက် (၉) နာရီကစတင်၍ မှော်ဘီမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ အလိုက်ကော်မရှင်ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာလ(၄)ရက်နေ့အထိ (၁၄) ရက်ကြာ နေ့စဉ်နံနက် (၉) မှ (၁၆)အချိန်အထိ ကပ်ထား ကြေညာပေးသွားမည်ဖြစ်ပြီး မှော်ဘီမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ မဲဆန္ဒရှင် မိဘပြည်သူများအနေဖြင့် တစ်အိမ်ထောင်လျှင် အနည်းဆုံးတစ်ယောက်နှုန်းသို့မဟုတ် အိမ်ထောင်ဦးစီးများလာရောက် ကြည့်ရှုစစ်ဆေးကြပါရန်နှင့် မိမိအမည်စာရင်းမပါရှိပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်ပါက ပုံစံ (၄) ဖြင့်လည်းကောင်း၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)တို့ဖြင့် သတ်မှတ်ရက်အတွင်း တင်ပြလျှောက်ထားနိုင်ပါကြောင်း ရပ်ကွက်အတွင်း၌လည်း အသံချဲ့စက်များဖြင့် လှည့်လည်အသိပေးကြေညာခဲ့ပြီး ယခု(ဒုတိယအကြိမ်)မဲစာရင်း ကပ်ထားကြေညာထားမှုအား ရပ်ကွက်နေပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

မှော်ဘီမြို့နယ်(ပြန်/ဆက်)