ဗဟန်း နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရပ်ကွက် (၂၂) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဒုတိယအကြိမ် မဲစာရင်းကပ်ကြေညာမှုကို ပြည်သူများမှ လာရောက်ကြည့်ရှုနေမှုအား ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့်တာဝန်ရှိသူများနှင့် မြို့နယ်အဆင့်တာ၀န်ရှိသူများက လိုက်လံ ကြည့်ရှုခဲ့ကြသည်။
၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ၂၁ ရက်ကြာ ကပ်ထားကြေညာထားခဲ့ပြီးဖြစ်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းများကို ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ(၂၁)ရက်နေ့မှ ဒီဇင်ဘာ (၄) ရက်နေ့ အထိ (၁၄)ရက်ကြာကပ်ထားကြေငြာပေးထားမည်ဖြစ်ပြီး မဲဆန္ဒရှင်များ အနေဖြင့် မိမိစားရင်းအား လာရောက်ကြည့်ရှု၍ မိမိအမည်မဲစာရင်းတွင်မပါ၀င်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင်အမည် ထည့်သွင်းပေးရန်တောင်းဆိုနိုင်ခြင်း၊ မပါ၀င်သင့်သေးသူများ ပါ၀င်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ခြင်း၊ မဲစာရင်းပါအချက်အလက်များမှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့်လည်း မဲစာရင်းကို လာရောက်ကြည့်ရှုမှသာ မှန်ကန်သောမဲစာရင်းရရှိနိုင်မည်ဖြစ်ကြောင်း တာ၀န်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာမှုအား ရန်ကုန်တိုင်းဒေသကြီး၊ ပြန်/ဆက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စောလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဥိးကံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမောင်မောင်နှင့် အဖွဲ့၀င်များက သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်