ကွမ်းခြံကုန်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ

ကွမ်းခြံကုန်း နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ လူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန် အသိပညာဗဟုသုတ တိုးပွားစေရန်နှင့်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို နိုဝင်ဘာလ (၂၁) ရက်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်နန့်ဆွေနွယ်ဦးက ပြိုင်ပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ပြိုင်ပွဲ၀င်ကလေးများအား ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး၊ စာရေးဆရာကြီး မင်းသုဝဏ်၏ လယ်စောင့်တဲကဗျာ ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ (၁ဝ) ဦးပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင်အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများကိုရွေးချယ်၍ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လစဉ် လူငယ်ရေးရာ အသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ ပြပွဲများ၊ ပြိုင်ပွဲများနှင့် နံရံကပ် စာစောင်ပြပွဲများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)