ကော့မှူးတွင် စာဖတ်ရှိန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကော့မှူး နိုဝင်ဘာ ၂၄

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၁ ရက်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်း အ. ထ. က (ကော့မှူး)ကျောင်းခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်ကပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြရန်၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရာတွင် ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ၊ ကျောင်းသား/ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပွဲ‌တော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီသွားမည့် အစီအစဉ်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နုနုကြည်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာခြည်စိမ့်တို့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ထည့်သွင်းကျင်းပပြုလုပ်သွားမည့်ပြပွဲများ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ သုတ/ရသစာအုပ်စာ‌စောင်ပြခန်းများ၊ ဓာတ်ပုံပြခန်းများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ စာအုပ်အရောင်းဆိုင်များ၊ အသိပညာပေးဟောပြောပွဲများ စသည့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့် ပတ်သက်သောအကြောင်းအရာများအား အသီးသီးတင်ပြကြရာ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်သူရ