ရန်ကုန် နိုဝင်ဘာ ၂၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် နယ်နိမိတ်အတွင်း၌ ပင်မကျောင်းဆောင်သစ် ဦးဆောင်အလှူရှင် Mother Construction Co.Ltd နှင့်ကျောင်းဒါယကာ၊ ဒါယိကာမများက ဦးဆောင်မတည်၍ တည်ဆောက်ပြီးစီးခဲ့သည့် အနာထပိဏ္ဍိကသံဃဝိဟာရ လေးထပ်ကျောင်းဆောင်သစ်ကြီးအား ရေစက်ချလှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်၊ ဘာဝနာမဟာသဘာတရားထိုင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ အမှူးပြုသော သင်ကြားရေးဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်ဇနီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ၊ ကျောင်းဆောင်သစ် အလှူရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ်ဆရာတော်ထံမှ အလှူရှင်များက ငါးပါးသီလခံယူ ဆောက်တည်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနာထပိဏ္ဍိက သံဃဝိဟာရ လေးထပ်ကျောင်းဆောင်သစ်ကြီးရှိ ကျောင်းဆောင်၊ အခန်းအသီးသီး၏ ကမ္ပည်းမော်ကွန်း ဆိုင်းဘုတ်များအား ပါမောက္ခချုပ်ဆရာတော်ထံသို့ သဟတ္ထိကဒါနမြောက် လက်ရောက်အပ်နှံလှူဒါန်းကြသည်။
ထို့နောက် ပါမောက္ခချုပ်ဆရာတော်က အလှူရှင်များကိုယ်စား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ပင်မကျောင်းဆောင်သစ် ဦးဆောင်မတည်အလှူရှင် Mother Construction Co., Ltd မှ ဥက္ကဋ္ဌ ဦးအောင်မြတ်တို့အား တက္ကသိုလ်ပုံကျောက်စီပန်းချီကားများ ပေးအပ်ချီးမြှင့်တော်မူသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အလှူရှင်များကိုယ်စား အနာထပိဏ္ဍိက သံဃဝိဟာရ လေးထပ်ကျောင်းဆောင်သစ်ကြီး ကမ္ပည်းမော်ကွန်းပြားဆိုင်းဘုတ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ထံ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ကျပ်သိန်းပေါင်း ၄၂၀၀၀ တန်ဖိုးရှိသော အလျားပေ ၂၀၀၊ အနံ ၆၀ ပေ၊ အမြင့် ၄၆ပေရှိ အနာထပိဏ္ဍိကသံဃဝိဟာရ လေးထပ်ကျောင်းဆောင်သစ်ကြီး နှင့်စပ်လျဉ်းသည့် အင်ဂျင် နီယာဆိုင်ရာ စာရွက်စာတမ်းများအား Mother Construction Co., Ltd မှ ဥက္ကဋ္ဌ ဦးအောင်မြတ်က အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) ထံသို့ လွှဲပြောင်းပေးအပ်ပြီးနောက် ဒုတိယပါမောက္ခချုပ် (စီမံ) က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒထံမှ အနုမောဒနာတရား နာကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)