ချမ်းအေးသာစံ ဒီဇင်ဘာ ၄
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြသည်။
ရွေးကောက်ပွဲကာလတွင် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်စေရန် အသိပညာပေး လက်ကမ်းစာစောင်များကို မန္တလေးစျေးချိုအတွင်းရှိ စျေးရောင်းစျေးဝယ် ပြည်သူများအားလည်းကောင်း၊ မီးရထားဘူတာကြီးရှိ ခရီးသွားပြည်သူများအားလည်းကောင်း၊ လူစည်ကားသည့်နေရာများရှိ အများပြည်သူများအားလည်းကောင်း “ရွေးကောက်ပွဲတွင်ဒို့အတူမဲပေးကြမယ်” ခေါင်းစဥ်ဖြင့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့်ရာအိမ်မှူးများ၊ ရပ်ကွက်စာရေးများမှ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)