မြစ်သားမြို့နယ်၌ လယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးရန်ပြင်ဆင်

မြစ်သား ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မိုးစပါးများ ရိတ်သိမ်းလျက်ရှိရာ ရိတ်သိမ်းပြီးလယ်မြေများ သီးထပ်စိုက်ပျိုးကြရန် ပြင်ဆင်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

“ကျွန်တော်တို့ဒေသမှာ အခုအခါမိုးစပါးများရိတ် သိမ်းချွေလှေ့နေကြပါတယ်။ ရိတ်သိမ်းပြီးလယ်မြေများကိုလည်း သီးထပ်စိုက်ပျိုးဖို့ပြင်ဆင်နေကြပါတယ်။ သီးထပ်စိုက်ပျိုးရာမှာ နေကြာသီးနှံနဲ့ ကုလားပဲသီးနှံအဓိကစိုက်ပျိုးကြပြီး တစ်ချို့တောင်သူတွေက ဟင်းသီးဟင်းရွက်သီးနှံအဖြစ် သခွား၊ ဖရုံ၊ ဖရဲ၊ မုန် ညှင်းစတဲ့သီးနှံစိုက်ပျိုးကြပါတယ်”ဟု ရွှေကြာအင်းကျေးရွာရှိ တောင်သူ ဦးဝင်းမြင့်က ပြောသည်။

မြစ်သားမြို့နယ်အတွင်းရှိ လယ်ယာမြေများသည် မိုးကောင်း‌ရေသောက်ဖြစ်သော်လည်း ချောင်းရေ၊ မြောင်းရေ၊ မြေအောက်ရေတင်ပြီး စပါးအပြင်သီးနှံ မျိုးစုံစိုက်ပျိုးကြခြင်းကြောင့် မိသားစုဝင်ငွေရရှိပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိနေကြကြောင်း သိရသည်။

ဝါဝါမြင့်