တာမွေ ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက တာမွေမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝင်းအတွင်း ပြသထားသော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။ ဆက်လက်၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား/သူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ထူးချွန်ဆုများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အသိပညာပေး ဟောပြောပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဝင် စာရေး ဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)က တက်ရောက်လာကြသော ကျောင်းသား/သူလေးများအား (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများနှင့်ပတ်သက်၍ အကျယ်တဝင့် အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ စာရေးဆရာမ မြမဉ္ဇူဝေ(ကျုံမငေး)က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လွတ်လပ်ခြင်း၏ အနှစ်သာရကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေး စတေးကာ ရယူပေးခဲ့သည့် လွတ်လပ်ရေးကို အစဉ်အမြဲ မြတ်နိုးတန်ဖိုးထားတတ်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် အဆိုပါ အသိပညာပေးဟောပြောပွဲ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)