ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၃၀

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိနယ်မြေခံသင်တန်းကျောင်းတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်း၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းအုပ်ကြီးအား သင်တန်းသားတပ်ခွဲများက အလေးပြုကာ ဆက်လက်၍ နိုင်ငံတော်အလံကို အလေးပြုပြီး သင်တန်းသားများက ကတိသစ္စာ​ပြု ကျမ်းသစ္စာဆို​​ကြ​သည်။

ထို့နောက် စံပြတပ်သားဆု၊ စစ်ရေးပြထူးချွန်ဆု၊ လက်ဖြောင့်တပ်သားဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ မိုင်းကျွမ်းကျင်ဆု၊ တပ်စိတ်တိုက်နည်းပထမဆု၊ ချေမှုန်းရေးပထမဆု၊ အကောင်းဆုံးအိပ်ဆောင်ဆုရရှိသူများကို ကျောင်းအုပ်ကြီးက ဆုများပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်ကြီးက သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက သင်တန်းသားများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး သင်တန်းဆင်းတပ်ခွဲများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဂုဏ်ပြုချီးမြှင်ငွေများ ပေးအပ်သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား (၆၄၁) ဦးအား ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ စစ်မြေပြင်အုပ်ချုပ်မှုဘာသာရပ်နှင့် အထွေထွေဘာသာရပ်များကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)