တောင်ဥက္ကလာပမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို သားကောင်းမိခင်ပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲကျင်းပ

တောင်ဥက္ကလာပ ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို သားကောင်းမိခင်ပြိုင်ပွဲနှင့် ကလေးပြိုင်ပွဲကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အမှတ် (၁၀) ရပ်ကွက် ဟေမဝန်ဓမ္မာရုံတွင် ယမန်နေ့နံနက် (၇) ခွဲနာရီက ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ မိခင်နှင့် ကလေးငယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးမိုးက သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ၏ စည်းမျဉ်း၊ စည်းကမ်းများ ရှင်းလင်းပြောကြားခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့် ဆရာမများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပြိုင်ပွဲဝင် မိခင်နှင့် ကလေးများအား ကြက်ဥ (၁) ကတ်နှင့် အားဆေးများ၊ အဟာရဖြည့်စွက်စာများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ မွေးစမှ (၆) လ၊ (၆) လမှ (၁) နှစ်၊ (၁) နှစ်မှ (၂) နှစ်၊ သားကောင်းမိခင်နှင့် အမွှာပြိုင်ပွဲများအတွက် ပြိုင်ပွဲ၀င် စုစုပေါင်း (၃၁) ဦး ပါ၀င်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲ၀င် ဆုရရှိသူများအတွက် ဆုများအသီးသီး‌ပေးအပ်ခဲ့ပြီး အခမ်းနားသို့ သင်္ဃန်းကျွန်းခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဆရာဝန်၊ ဆရာမများ၊ ဒေသန္တရကျန်းမာရေးဦးစီးမှူးများ၊ မြို့နယ်/ ရပ်ကွက်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)