မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများ ကျင်းပဆောင်ရွက်

မင်္ဂလာတောင်ညွန့် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့ နံနက် (၉) ခွဲနာရီအချိန်က အမှတ် (၁၄) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျင်းပဆောင်ရွက်ခဲ့ကြသည်။

ဦးစွာပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ကျင်းပခဲ့ပါသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နုနုကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်မြင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ စာရေးဆရာမမေ (ရန်ကုန်) က စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးသည်အရေးကြီးကြောင်းနှင့် စာတတ်ပါကစာဖတ်ကြရမည်ဖြစ်‌သဖြင့် ကျောင်းစာသာမကပြင်ပဗဟုသုတရရှိ‌စေမည့် စာပေများကိုလည်း ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများစသည့် အကြောင်းအရာတို့ကို ဆွေးနွေးဟောပြောခဲ့ကြပါသည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲတွင်‌ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူ (၇) ဦးနှင့် ကဗျာရွတ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူ (၇) ဦးနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူ (၇) ဦးများထဲမှ ပထမ၊ ဒုတိယ၊ တတိယနှင့် နှိမ်သိမ့်ဆု (၂) ဆုစီရရှိကြသည့် ကျောင်းသား၊ ကျောင်းသူကလေးများကို တာဝန်ရှိသူများက အသီးသီးဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဂိမ်းကစားပြိုင်ပွဲများကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူကလေးများက ဘဲဥကောက်ပြေးခြင်း၊ စကားပုံဆက်ဂိမ်းကစားခြင်း၊ ဥာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းနှင့် ဘယ်ခြေညာလက်ကစားခြင်း၊ ခါးလှည့်ကွင်းကစားခြင်း၊ ဇကောရွတ်ကစားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အနိုင်ရရှိသူများအား ဆုလက်ဆောင်များအဖြစ် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ correction pen များကို ပေးအပ်ခဲ့ပါသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြတ်မြတ်အေး (ပြန်/ဆက်)