ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဇောတမထေရ် နှစ်သစ်ဦးတရားတော်နှင့် သံဃာတော်အရှင်သူမြတ် (၂၇၉၆)ပါး၊ သီလရှင် ဆရာကြီး၊ ဆရာလေး (၃၀၀)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူ

ညောင်ဦး ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံဘုရားဝန်းအတွင်း ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးအတွင်း၌ ယမန်နေ့ည (၆)နာရီအချိန်၌ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာဇောတမထေရ် နှစ်သစ်ဦးတရားတော်နှင့် ယမန်နေ့နံနက် (၄)နာရီအချိန်က သံဃာတော်အရှင်သူ မြတ် (၂၇၉၆)ပါး၊ သီလရှင် ဆရာကြီး/ဆရာလေး (၃၀၀)ပါးတို့အား ဆွမ်းဆန်စိမ်း၊ ထီး၊ သင်္ကန်း၊ ဖိနပ်၊ ဆေဝါးများနှင့် နဝကမ္မအလှူတော်ငွေများ လောင်းလှူခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံဘုရားကြီးဝန်း ဝေဇယန္တာဓမ္မ ဗိမာန်တော်ကြီးအတွင်း၌ ရာသက်ပန်ကုမ္ပဏီ၊ ရာသက်ပန်ကုမ္ပဏီ၊ Authentic Company၊ Mother Company ၊ မန္တလာမင်း Express နှင့် မတည်အလှူရှင်များက ထမင်းစတုဒိသာ ခုနှစ်ရက်ကျွေးပြီး နှစ်သစ်ဦးတရားတော်ကို သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော် ဘဒ္ဒန္တပညာဇောတမထေရ်မြတ်က ကြံ့ဂျိုကဲ့သို့ကျင့်ကြံပါ တရားတော်အား ဟောကြားတော်မူခဲ့ပြီး အလှူတော်ငွေများ ဆက်ကပ်တော်မူကြသည်။

ယနေ့နံနက် (၄)နာရီခွဲအချိန်တွင် ရွှေစည်းခုံစေတီတော်မြတ်ကြီးအား ပင့်သံဃာ (၁၅၀၀)ပါးတို့က ဘုရားရင်ပြင်တော်ပေါ်တွင် ဗုဒ္ဓဘိသေက အနေကဇာတင်ကြသည်။ ပြီးနောက် သံဃာတော်အရှင်သူမြတ် (၂၇၉၆)ပါးနှင့် သီလရှင်ဆရာကြီး/ဆရာလေး (၃၀၀)တို့အား ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကျော်မင်းညိုနှင့် ခရိုင်ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်း၊ ရာသက်ပန်ကုမ္ပဏီ၊ Authentic Company၊Mother Company၊ မန္တလာမင်း Express နှင့် မတည်အလှူရှင်များ၊ မြန်မာပြည်အရပ်ရပ်မှ ကုသိုလ်ရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား လောင်းလှူခဲ့ကြောင်းသိရပြီး နံနက် (၉)နာရီအချိန်တွင် စတုဒီသာအလှူနှင့် ဆွမ်းဆန်စိမ်းအလှူတော်အောင်ပွဲ ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ ဆရာတော်ကြီးမှ ညောင်ဦးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၀၀၀)ဦးတို့အား ကျောင်းဝတ်စုံ (၃၀၀၀)စုံ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများဝေငှပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း