အမရပူရ ဇန်နဝါရီ ၂
အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် နှစ်လည်မဂ္ဂဇင်းကော်မတီက ကြီးမှူးကျင်းပသည့် “ငွေရတုအထိမ်းအမှတ်မဂ္ဂဇင်း” စာမူရှင်ဂုဏ်ပြုပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်၊ မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် ဒေါက်တာမာလာယုအောင်၊ နှစ်လည်မဂ္ဂဇင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ထွေးရီနှင့် ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် ဆရာ၊ ဆရာမများ၊ စာမူရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယပါမောက္ခချုပ် ဒေါက်တာမာလာယုအောင်က ဝမ်းမြောက်ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် “ငွေရတုအထိမ်းအမှတ်မဂ္ဂဇင်း” တွင် ပါဝင်ရေးသားခဲ့ကြသည့် ကဗျာကဏ္ဍ စာမူရှင် ၅ ဦး၊ ကာတွန်းကဏ္ဍ စာမူရှင် ၃ ဦး၊ ငွေရတုဂုဏ်ပြုအထူးကဏ္ဍ စာမူရှင် ၁ ဦး၊ ဆောင်းပါကဏ္ဍ စာမူရှင် ၁၃ ဦး၊ ရသကဏ္ဍ စာမူရှင် ၃ ဦး၊ ဝတ္ထုကဏ္ဍ စာမူရှင် ၅ ဦးနှင့် English Section စာမူရှင် ၈ ဦးတို့အား ဒုတိယပါမောက္ခချုပ် ဒေါက်တာမာလာယုအောင်၊ နှစ်လည်မဂ္ဂဇင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ထွေးရီတို့က ဂုဏ်ပြုစာမူခနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းနှင့် နှစ်လည်မဂ္ဂဇင်းကော်မတီအတွင်းရေးမှူး ဒေါက်တာစန္ဒာဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)