မြစ်သား ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌ ဆောင်းကြက်သွန်နီများ စတင်တူးဖော်လျက်ရှိရာ အထွက်နှုန်းကောင်းမွန်ပြီး ဝယ်ယူဈေးသင့်တင့်သည့်အတွက် စိုက်ပျိုးရောင်းချသူတောင်သူများ အဆင်ပြေကြောင်း သိရသည်။
ကြက်သွန်နီ စိုက်ပျိုးရာတွင် တစ်ဧက စိုက်ပျိုးစရိတ် ငွေကျပ် ၁၅ သိန်းကျော် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ၄ လအကြာတွင် တူးဖော်ရကြောင်း၊ ထွက်ရှိမှုအနေဖြင့် တစ်ဧကလျှင် ကြက်သွန်နီအချိန် ပိဿာ ၃၀၀၀ အထိရှိနိုင်ကြောင်း၊ ယခုနှစ် ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၂၇၀၀ မှ ၃၀၀၀ ဈေးပေးကာ ကြက်သွန်နီပွဲစားများက အိမ်တိုင်ရာရောက် ဝယ်ယူလျက်ရှိကြောင်း၊ ချက်ချင်းရောင်းချသူများရှိသကဲ့သို့ နောက် ပိုင်းဈေးကွက်ပေါ် အခြေအနေစောင့်လျက် သိုလှောင်ကြသူများလည်းရှိကြောင်း၊ ကြက်သွန်နီတစ်ဧက ကုန်ကျစရိတ်နှုတ်ပြီး ယခုချိန် ရောင်းချပါက အမြတ်ငွေကျပ် ၁၅ သိန်းကျော်ရရှိကြောင်း ကြက်သွန်နီစိုက်တောင်သူ ဦးဝင်းမြင့်ထံမှ သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ သမတန်းကျေးရွာ၊ လက်ပံဆိပ်ကျေးရွာ၊ ငါးဆူကျေးရွာ၊ ပေကုန်းကျေးရွာ၊ ထနောင်းကုန်းကျေးရွာနှင့် ကူဖြူကျေးရွာတို့မှာ နှစ်စဉ်ကြက်သွန်နီကို အဓိကထားကာ စီးပွားဖြစ် စိုက်ပျိုးကြပြီး ဈေးကွက်သို့ အများဆုံးတင်ပို့သည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)