သာစည်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်း ဖွင့်လှစ်ပို့ချ

သာစည် ဇန်နဝါရီ ၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းနှင့်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း မွမ်းမံသင်တန်းတို့ကို ဇန်နဝါရီ ၁ ရက်က ဖွင့်လှစ်ပို့ချလျက်ရှိရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းအောင်ကျော်သည် မိတ္ထီလာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်ကော်မတီဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးတာဝန်ခံနှင့်အဖွဲ့သည် သာစည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမတွင် ဖွင့်လှစ်ပို့ချလျက်ရှိသော မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းကို သွားရောက်ကြည့်ရှုပြီး တိုင်းဒေသကြီးတာဝန်ခံက မဲရုံမှူး၊ ဒုမဲရုံမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ချပြရှင်းလင်းဆွေးနွေးကာ အခက်အခဲမရှိစေရေး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက မဲရုံမှူး၊ ဒုမဲရုံမှူးများ တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများ အခက်အခဲမရှိစေရန် ပို့ချပေးသော သင်ခန်းစာများကို အလေးထားလိုက်နာပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးတာဝန်ခံနှင့်အဖွဲ့သည် မြို့နယ်ခမ်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိသော မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းမွမ်းမံသင်တန်းသို့ သွားရောက်ကာ တိုင်းဒေသကြီးတာဝန်ခံနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က သင်တန်းသားများ တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းများ ချပြရှင်းလင်းဆွေးနွေးပြီး အခက်အခဲမရှိစေရေး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)