ငါန်းဇွန် ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ ကျင်းပခြင်းနှင့် မြေစိုက်ဘုတ် နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်၊ စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းကို တက်ရောက်လာသော ငါန်းဇွန်မြို့ အခြေပညာအတက်တန်းကျောင်းမှ Grade-6 ကျောင်းသားကျောင်းသူများအား ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပပေးရာ ကျောင်းသားကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအလိုက် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရကျောင်းသားကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်သူ့စာကြည့်တိုက်အတွင်း ပြသထားသော သုတရသစာအုပ်စာစောင်များ၊ ရုံးရှေ့တွင် ပြသထားသော နံရံကပ်စာစောင်နှင့် မြေစိုက်ဘုတ်တွင် ပြသထားသော ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ ငယ်စဉ်ဘဝ မှတ်တမ်းဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)