ကျောက်ဆည် ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်အားကစားလူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ ၃ နာရီက အခြေခံ ကရာတေးသင်တန်း (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခြေခံကရာတေးအားကစားပြုလုပ်ခြင်းဖြင့် အရိုးနှင့်ကြွက်သားများသန်မာစေခြင်း၊ ကာယပိုင်း၊ ဉာဏပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကျန်းမာရေးနှင့်သက်ဆိုင်သည့်ရောဂါများ ဖြစ်စေနိုင်သည့်အခွင့်အလမ်းများ လျော့နည်းစေခြင်း၊ ကိုယ်အလေးချိန်ထိန်းချုပ်နိုင်သည့် နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း၊ အမောခံနိုင်ခြင်း၊ သက်လုံကောင်းခြင်း၊ ဦးနှောက်ကြည်လင်ခြင်း၊ ဉာဏ်ရည် ထက်မြက်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
သင်တန်းတွင် အခြေခံအကြောလျှော့နည်း၊ လက်သီးထိုးနည်း၊ ခြေထောက်ထိုင်နည်း၊ ကာကွယ်နည်း၊ ရိုက်ခတ်နည်း၊ ခြေကန်နည်းများ သင်ကြားပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်သား/ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်