စဉ့်ကိုင်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

စဉ့်ကိုင် ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ရန်အောင်မြင်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းအတွင်း၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ အားကစားပြိုင်ပွဲများတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရဲလှိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒိုင်လူကြီးများက ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက ထုတ်စည်းထိုးပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ပူစီပေါင်း ဖောက်ပြိုင်ပွဲ၊ အားလူးကောက်ပြိုင်ပွဲ၊ သံပရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ်ပြိုင်ပွဲ၊ အပ်ကြိုးထိုး ပြိုင်ပွဲ၊ မီတာ ၁၀၀ အမျိုးသမီး အပြေးပြိုင်ပွဲ၊ မီတာ ၄၀၀ အမျိုးသား အပြေးပြိုင်ပွဲများတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲအသီးသီး၌ ဆုရရှိသူများကို မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရဲလှိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မင်းဆင့်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

ကျော်စွာ (စဉ့်ကိုင်)