ညောင်ဦး ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ပဲစင်းငုံပေါ်ချိန် ရောင်းချရာတွင် ပဲစင်းငုံတစ်တင်းလျှင် ၈၄၀၀၀ ကျပ်ဖြင့် ရောင်းချရခြင်းကြောင့် ပဲစင်ငုံစိုက် တောင်သူများ မျှော်လင့်နေသည့်ဈေးနှုန်းဖြစ်ကြောင်း ညောင်ဦးမြို့နယ် တက်မကျေးရွာ ပဲစင်းငုံစိုက်တောင်သူ ဦးအောင်ဌေးက ပြောကြား၍ သိရသည်။
ပဲစင်းငုံကြဲပက် စိုက်ပျိုးမှုများအား ကဆုန်လ၊ နယုန်လတို့တွင် နှမ်းဖြင့်တွဲဖက်စိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊မြေပဲခင်းများတွင် တန်းကြောင်းချ၍ စိုက်ပျိုးခြင်းဖြင့်လည်းကောင်း စိုက်ပျိုးကြပြီး ပဲစင်းငုံသီးသန့်စိုက်ပျိုးမှု သိပ်မရှိဘဲ သီးထပ်အဖြစ်သာ စိုက်ပျိုးမှုများကြောင်း နှမ်းများနှုတ်သိမ်း၊ ရိတ်သိမ်းချိန်တွင် ပဲစင်ငုံပင်များ မြေဆွပေးသကဲ့သို့ဖြစ်ကာ ပဲစင်ငုံများ အပင်သန်မာထွားကြိုင်းလာကာ အပင်ဖြစ်ထွန်းလွယ်ကြောင်း ညောင်ဦးမြို့နယ် ဂန့်ဂါကျေးရွာ ပဲစင်းငုံစိုက်တောင်သူ ဦးဝင်းမင်းက ပြောကြားသည်။
ပဲစင်းငုံစိုက်ရာတွင် မြေဆီမြေနှစ်အလွန်စုပ်ယူကြောင်း ပဲစင်းငုံစိုက်ပျိုးပြီး နောက်နှစ်ထပ်မံကြဲပက်စိုက်ပျိုးလျှင် မဖြစ်ထွန်းကြောင်းနှင့်ပဲစင်းငုံ တစ်သီးစိုက်လျှင် ရှစ်လ၊ ကိုးလကြာမြင့်ခြင်းကြောင့် ပဲစင်းငုံစိုက်ပြီး ဈေးမကောင်းလျှင်ဖြစ်စေ၊ ပဲစင်းငုံမဖြစ်ထွန်းလျှင် စိုက်ပျိုးတောင်သူများ အင်မတန်နစ်နာကြောင်း ကဆုန်၊ နယုန်တွင် ကြဲပက်စိုက်ပျိုးသည့် ပဲစင်းငုံတစ်သီးအား နတ်တော်လ၊ ပြာသိုလတွင်မှ ခုတ်ယူရကြောင်းနှင့် အပွင့်လှိုင်လှိုင်ပွင့်ချိန်၊ ဝတ်မှုံကူးချိန်ဖြစ်သည့် တန်ဆောင်မုန်းလတွင် မိုးသည်းမိပါက ပဲစင်းငုံအပင်ကောင်းသော်လည်း ပဲစင်းငုံမရဖို့ တပ်အပ်ပြောနိုင်ကြောင်း ပဲစင်းငုံစိုက်တောင်သူ ဦးမောင်ဝင်းက ရှင်းပြသည်။
ပဲစင်း ငုံစိုက်တောင်သူများသည် ပဲစင်ငုံခုတ်သိမ်းပြီးချိန် ပခုက္ကူဈေးကွက်သို့ သွားရောက်ရောင်းချခြင်း၊ မြင်းခြံ၊ ကျောက်ပန်းတောင်းဈေးကွက်သို့လည်း သွားရောက်ရောင်းချကြရာ ပဲစင်းငုံတစ်ပိသာ ၄၅၀၀ ကျပ်ရောင်းချရပြီး ပဲစင်းငုံတစ်တင်း ပဲစင်းငုံပိသာ ၂၀ ရှိကြောင်း၊ တစ်တင်းလျှင် ၈၄၀၀၀ ကျပ်ရောင်းချရခြင်း၊ မနှစ်က ပဲစင်ငုံပေါ်ခါစ တစ်တင်းလျှင် တစ်သိန်းကျပ် ရောင်းချခဲ့ရကြောင်း၊ ယခုနှစ်တွင် ကျေးလက် တောင်သူများ ပဲစင်းငုံအထွက် အသင့်အတင့်သာ ထွက်ကြောင်းလည်း သိရသည်။
ဒီပါလင်း