ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မဲရုံများ ပြင်ဆင်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန် ဇန်နဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မဲရုံများ ပြင်ဆင်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါပုံမြို့နယ်၊ ယမုံနာ (၂) ရပ်ကွက်၊ အမှတ် (၇) အခြေခံပညာမူလတန်းကျောင်းရှိ မဲရုံအမှတ် (၁) ပြင်ဆင်ထားရှိမှုအခြေအနေအားလည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ အမှတ် (၉) အခြေခံပညာမူလတန်းကျောင်းရှိ မဲရုံအမှတ် (၁) ပြင်ဆင်ထားရှိမှုအခြေအနေအားလည်းကောင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ် (၁) နှင့် မဲရုံအမှတ် (၂) ပြင်ဆင်ထားရှိမှုအခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မဲစာရင်းများကို မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာ ကြည့်ရှုစေရေးနှင့် မဲစာရင်းအမှတ်စဉ်များကို မဲဆန္ဒရှင်ပြည်သူများ ကြိုတင်သိရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြရန် စသည်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)