ကျောက်ဆည် ဇန်နဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နိုင်ငံ့အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေးရန် ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပျိုးထောင်ပေးရန် ရည်ရွယ်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဇန်နဝါရီ ၁၄ ရက် နံနက် (၉) နာရီက ခရိုင်အဆင့် လူရည်ချွန်စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါခရိုင်အဆင့် လူရည်ချွန်စာမေးပွဲကို အေးချမ်းစွာဖြေနိုင်ရန်အတွက် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ကြီးကြပ်၍ တာဝန်ကျဆရာ၊ဆရာများက အနီးကပ်စောင့်ကြပ်ပေးခဲ့ကြသည်။ ကျောက်ဆည်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ လူရည်ချွန်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ Grade-9 မှ ကျောင်းသား၊ ကျောင်းသူ(၄)ဦး၊ Grade-10 မှ (၇)ဦး၊ Grade -11 မှ (၆)ဦး၊ Grade-12မှ (၃)ဦး စုစုပေါင်း(၂၀)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
ခရိုင်အဆင့် လူရည်ချွန်စာမေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များနှင့် လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)