ပုသိမ်ကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပုသိမ်ကြီး ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တတိယပိုင်း အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစည်သူ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်များ၊ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ပုသိမ်ကြီးမြို့နယ် နယ်မြေအကျယ်အဝန်းအရ မဲရုံများကို စနစ်တကျထားရှိနိုင်ရေး၊ ပြည်သူများ အဆင်ပြေလွယ်ကူစွာ လာရောက်ဆန္ဒမဲပေးနိုင်ရေး၊ ပုသိမ်ကြီးမြို့နယ်သည် ရပ်ကွက် (၁)ခု၊ ကျေးရွာအုပ်စု (၅၇) အုပ်စု၊ ဆန္ဒမဲပေးမည့် ပြည်သူ (၁၇၇၀၀၀) ကျော်၊ မဲရုံပေါင်း (၁၃၉)ရုံ ရှိသည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် မဲရုံများကို ကွင်းဆင်းစစ်ရာတွင် အသေးစိတ်သိရှိစေရန် စနစ်တကျပြင်ဆင်ဆောင်ရွက်ထားလိုကြောင်း၊ နယ်မြေကျယ်ပြီး လူဦးရေများသည့်အတွက် အလေးထား ကြိုးစားစေလိုကြောင်း မှာကြားသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သိန်းအောင်ထွေး၊ အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်ယု၊ အဖွဲ့ဝင် ခရိုင်လဝကဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့် ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်စောယုသင်းတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးပြောကြားကြသည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်အဖွဲ့သည် အ.ထ.က ပုသိမ်ကြီး အောင်ဇမ္ဗူခန်းမဆောင်၌ မဲရုံမှူး ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲ အခက်အခဲမရှိ ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ဇာနည်ကိုကို(ပြန်/ဆက်)