ငါန်းဇွန် ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ အောင်ကိုဦး (UMK)၏ “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” (စိတ်ခွန်အားဖြည့်စာစုများ)စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချိုမြင့်ကြည်က အသိအမြင် ဗဟုသုတ တိုးပွားစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး “လူငယ်တွေကို လမ်းဖွင့်ပေးပါ” (စိတ်ခွန်အားဖြည့်စာစုများ)စာအုပ်မှ” အားနည်းချက်လား အားသာချက်လား” ခေါင်းစဉ်ဖြင့် လူတစ်ယောက်ရဲ့ အားနည်းချက်ကို အကောင်းဆုံး အသုံးချနိုင်ရင် အကြီးမားဆုံး အားသာချက် ဖြစ်နိုင်ကြောင်း၊ No one is prefect ဆိုတဲ့ စကားလိုပဲ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိကြောင်း၊ လူတိုင်းမှာ ကိုယ်စီ၊ ကိုယ်စီအားနည်းချက်တွေ၊ တစ်မျိုးမဟုတ်တစ်မျိုး ရှိတတ်ကြပါကြောင်း၊ ဒါဟာ စိတ်အားငယ်စရာ၊ စိတ်ဓာတ်ကျစရာမဟုတ်၊ နှစ်ဆတိုးပြီးကြိုးစားလိုက်ပါ၊ ယုံကြည်လိုက်ပါ၊ ပန်းတိုင်ရှိပါတယ်။ အောင်မြင်နိုင်ပါတယ်။ အရေးကြီးတာက ယုံကြည်မှုနဲ့ တကယ်ဖြစ်ချင်တဲ့ ဆန္ဒသာဖြစ်ပါကြောင်း၊ အားနည်းချက်ကို အားသာချက်ဖြစ်အောင် ပြောင်းလဲနိုင်ကြစေရန် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ အဖွဲ့ဝင် Grade-6 ကျောင်းသူ မခင်ဝသုံဦးက “အသိအမှတ်လေးတော့ပြုပေးပါ” ခေါင်းစဉ်ဖြင့် တစ်ခါတလေမှာ လူတွေဟာ သူ့အတွက် အဖိုးထိုက်တန်မှ တန်ဖိုးရှိတယ်လို့ ထင်တတ်ကြပါတယ်။ တစ်ခါတလေ လူတွေဟာ တစ်ယောက်ယောက်ရဲ့ အားထုတ်မှု၊ ကောင်းကွက်ကို မမြင်နိုင်ဘဲ ကိုယ်ရဲ့ လိုဘ မပြည့်ရင် အပြစ်မြင်တတ်ကြပါတယ်။ တကယ်တော့ ကိုယ်အတွက် လိုဘမပြည့်ပေမယ့် တစ်ဖက်သားက အတတ်နိုင်ဆုံး ကြိုးစားပေးထားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ မချီးကျူးနိုင်ရင်တောင် အသိအမှတ်လေးတော့ ပြုပေးသင့်ပါကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် Grade-6 ကျောင်းသား မောင်သက်သူရကိုက “ဖြစ်ချင်တာလေးတွေ ဖြစ်ခွင့်ရပါစေ”ခေါင်းစဉ်ဖြင့် မိဘတွေ ဆရာတွေ အုပ်ထိန်းသူတွေကို ကလေးသူငယ် စိတ်ပညာကို အတိုင်းအတာတစ်ခုတော့ နားလည် စေချင်ပါတယ်။ ကလေးတွေကို ဖြစ်ချင်တာလေးတွေ ဖြစ်ခွင့်ရဖို့ ငယ်ငယ်လေးကတည်းက နားလည်ပေးစေချင်ပါတယ်။ ငယ်ငယ်တုန်းက မပျိုးထောင်ဖြစ်ခဲ့ရင်တောင် အရွယ်ရောက်လာတဲ့အခါ မိဘနဲ့ သားသမီးကြား နားလည်မှုတွေ ရှိကြစေချင်ပါတယ်။ လူငယ်တွေအနေနဲ့လည်း တကယ်ဖြစ်ချင်တာရှိရင် မိဘနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ကိုယ်လုပ်မယ့် အစိအစဉ် ဖြစ်လာနိုင်တဲ့ လမ်းကြောင်းတွေကို သေသေချာချာ ရှင်းပြပြီး မဆုတ်မနစ် ကြိုးစားကြစေချင်ပါကြောင်းလည်းကောင်း “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးကြရာ ဒုတိယဦးစီးမှူး ဒေါ်ချိုမြင့်ကြည်က ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရုံးရှေ့၌ ပြသထားသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ ပြည်သူ့စာကြည့်တိုက်အတွင်း ပြသထားသော သုတရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)