မိတ္ထီလာခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူရွေးချယ်ပွဲကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူရွေးချယ်ပွဲကို ဇန်နဝါရီ ၁၄ ရက်နေ့မှ စတင်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိတ္ထီလာခရိုင်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူရွေးချယ်ပွဲ ကျင်းပရာတွင် နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာစေရေး၊ လူတော်လူကောင်းများ၊ နိုင်ငံတော်အနာဂတ်ခေါင်းဆောင်များ၊ ကျန်းမာသန်စွမ်းပြီး ပညာရည်ရင့်သန်သော ကာယဉာဏဖွံ့ဖြိုးသည့် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရေး၊ ကျောင်းသား၊ ကျောင်းသူများကို ဗလငါးတန်းနှင့် ပြည့်ဝသော လူတော်လူကောင်းများဖြစ်အောင် မွေးထုတ်လေ့ကျင့်ပေးရန်၊ လူရည်ချွန်စခန်းများမှတဆင့် ပြည်ထောင်စု တိုင်းရင်းသားအချင်းချင်း အတူယှဉ်တွဲနေထိုင်တက်သည့် အလေ့အကျင့်ကောင်းများနှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုရှင်သန်လာစေရန်၊ ကျောင်းသားလူငယ်များ ထူးချွန်ထက်မြတ်သော လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများကို စံနမူနာယူ၍ ကြိုးပမ်းအားထုတ်နိုင်ရန်နှင့် စာသင်ကျောင်း၌ လူကောင်း လူတော်များကို မွေးထုတ်လေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရန်ရည်ရွယ်၍ ခရိုင်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ ရွေးချယ်ရာတွင် နဝမတန်း၊ ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်းတို့တွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများမှ ခရိုင်အဆင့်လူရည်ချွန် ရေးဖြေ၊ နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးသည့်လုပ်ငန်းများ တစ်ပြေးညီမှန်ကန်စွာ ရွေးချယ်ခဲ့ကြောင်း ခရိုင်ပညာရေးမှူး ဒေါ်မော်မော်ထံမှ သိရသည်။

မိတ္ထီလာခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန် ကျောင်းသားကျောင်းသူ ရွေးချယ်ပွဲကို ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အထွေထွေဗဟုသုတ၊ လူတွေ့နှုတ်ဖြေနှင့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများ ကျင်းပခဲ့ရာ အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန် ကျောင်းသားကျောင်းသူရွေးချယ်ပွဲကို မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ နဝမတန်း၊ ဒသမတန်း၊ ဧကာဒသမတန်း၊ ဒွါဒသမတန်းတို့တွင် တက်ရောက် နေသော ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 သိန်းမြင့်ကျော်(မိတ္ထီလာ)