ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပ

မြစ်ကြီးနား ဇန်နဝါရီ ၁၈

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် Grade-12 သင်ကြားသင်ယူမှုထိရောက်ရေး မြစ်ကြီးနားတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးများနှင့် အခြေခံပညာအထက်တန်းအဆင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့် ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အနေဖြင့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို တစ်နိုင်ငံလုံး ပထမဆင့်ရရှိပြီး အမှတ်ကောင်းကောင်းနှင့် ဂုဏ်ထူးအများဆုံးရရှိအောင် ဆောင်ရွက်ရန် ရည်ရွယ်ထားသည့်အတွက် သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများ၏ ဘာသာရပ်စွမ်းရည်အလိုက် သင်ကြားသင်ယူမှု အရည်အသွေးများကို မြှင့်တင်ပေးရန် Face To Face ဆွေးနွေးကို ယခုဒုတိယအကြိမ် ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ စာမေးပွဲနှင့်ပတ်သက်သည့် အမှတ်ပေးစည်းမျဉ်းများနှင့်အညီ အံဝင်ဂွင်ကျဖြစ်အောင်ဖြေဆိုနည်းများ၊ အရေးကြီးသည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးပေးကြရန်နှင့် ဘာသာရပ်သင်ဆရာ၊ ဆရာမများ အနေဖြင့်လည်း မိမိတို့တတ်မြောက်ထားသည့် သင်ကြားမှု နည်းပညာများကို ပေါင်းစပ်ပြီး အောင်ချက်မြင့်မားရေးနှင့် မိမိတို့တိုင်းပြည်နှင့် ပြည်နယ်ဂုဏ်ဆောင်နိုင်သည့် ဘက်စုံတော်သော လူငယ်များ မွေးထုတ်ပေးကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် သင်ကြားသင်ယူမှုဆိုင်ရာ ဆွေးနွေးပို့ချပေးသွားမည့် အစီအစဉ်များနှင့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးပွဲအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၃၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်းရှိ BWI BAN (ဘွေဗန်) Hotel  အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း (MCEF) ၏ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံသို့ တက်‌ရောက်ခဲ့ကြသည်။

အဆိုပါ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် နှစ်စဉ်တည်ဆောက်ရေးတင်ဒါများကိုပွင့်လင်းမြင်သာစွာခေါ်ယူပေးခြင်းဖြင့် ပုဂ္ဂလိက ကဏ္ဍမြှင့်တင်ရေးကို အလေးထားဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်ပေးခြင်းဖြင့် ပြည်နယ်နှင့် နိုင်ငံတော်အတွက် အခွန်ငွေများ ပိုမိုတိုးပွားလာပြီး ယှဉ်ပြိုင်မှုအားကောင်း သော ဈေးကွက်စီးပွားစနစ်ကို ခိုင်မာစွာ တည်ဆောက်နိုင်ခြင်းစသည့် ကောင်းကျိုးများကို ရရှိစေမည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အပြုသဘောဆောင်သည့် အကြံပြုချက်များ၊ တင်ပြချက်များဖြင့် ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဉာဏ်သစ်လှိုင်က အသင်းဖွဲ့စည်းတည်ဆောက်ခဲ့မှု၊ အသင်း၏ ရည်ရွယ်ချက်များနှင့် ပြည်နယ်/ တိုင်းဒေသကြီးရှိ အသင်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတူးရိန်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အသင်း၏ ပြည်နယ်အတွင်း ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် နှစ်ပတ်လည်အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ အသင်းအတွင်းရေးမှူး ဦးအောင်ဆွေက အသင်း၏ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းနှင့် စာရင်းစစ်အစီအရင်ခံစာကို ဖတ်ကြားအတည်ပြုခဲ့ကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဘာသာရပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ရူပဗေဒ အသင်းနှင့် သမိုင်းဘာသာရပ်အသင်းတို့၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်အဆင့်ဌာနဆိုင်ရာ များ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူများနှင့် စီမံရေးအဖွဲ့များ၊ ပညာရေး ဝန်ထမ်းများနှင့် ကြည့်ရှုအားပေးခဲ့ကြရာ သမိုင်းအသင်းက လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသည်။

ထို့နောက် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တက္ကသိုလ် တာဝန်ရှိသူများက အားကစားပြိုင်ပွဲများ ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ပေးခဲ့ကြသော ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းနှင့် ဘောလုံးပြိုင်ပွဲတွင် ဒုတိယနှင့် တတိယဆုရအသင်းများအတွက် ပါမောက္ခဌာနမှူး များနှင့် ဒုတိယပါမောက္ခချုပ်များက တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပါမောက္ခချုပ်က ပထမဆု ပိုက်ကျော်ခြင်းအသင်းနှင့် ဘောလုံးအသင်းတို့အတွက် တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် က တံခွန်စိုက်ဆုဖလားများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)