ကျောက်ဆည် ဇန်နဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် ဆန်၊ စပါးကို အဓိထားစိုက်ပျိုးကြပြီး ကာလတို ဟင်းသီး၊ ဟင်းရွက်ပင်များနှင့် ဥယာဉ်ခြံမြေများတွင် သီးပင်စားပင်များ စိုက်ပျိုးထားရှိရာ သင်တောင်းကျေးရွာ၌ ကီလိုမာလကာပင်များ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချနေရသည့်အတွက် မိသားစုအပိုဝင်များရရှိပြီး စားဝတ်နေရေး ဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကီလိုမာလကာစိုက်ပျိုးသူများအနေဖြင့် အချိန်တိုအတွင်း အသီးသီးစေရန်အတွက် ကိုင်းကူးမျိုးများ စိုက်ပျိုးကြကြောင်း၊ ကိုင်းကူးမျိုးသည် စိုက်ပျိုးပြီးတစ်နှစ်အတွင်း ရောင်းတန်းဝင်အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ မိသားစုအပိုဝင်ငွေရရှိရေး ကီလိုမာလကာ အပင် (၂၀၀) တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် မာလကာခြံပိုင်ရှင် ဒေါ်သီတာအေးထံမှ သိရသည်။
မာလကာပင်များစိုက်ပျိုးရာ၌ လေဝင်လေထွက်ကောင်းပြီး အပင်များကောင်းစွာဖြစ်ထွန်းစေရန် တစ်ပင်နှင့်တစ်ပင်(၁၂)ပေခြားပြီး၊ တစ်တန်းနှင့်တစ်တန်း(၁၅)ပေခန့်ခြားကာ စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်သားအတွင်းရောင်းတန်းဝင်အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ မာလကာ အသီးများ သီးလုံးဖောက်ပိုးမဝင်စေရန်နှင့် အသီးအရောင်တောက်ပစေရန်အတွက် မာလကာသီးများအား စက္ကူဖြင့်ပတ်၍အိပ်စွပ်ပေးရကြောင်း၊ အိပ်စွပ်ပြီးနှစ်လအကြာတွင် မာလကာသီးများ ခူးဆွတ်ရကြောင်း၊ ကီလိုမာလကာသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး ဝင်ငွေလွယ်ကူစွာ ရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)