ပြည်ကြီးတံခွန် ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက်၊ မဟာသုန္ဒရာ ရာမပရိယတ္တိစာသင်တိုက်၌ မဟာသုန္ဒရာ ရာမပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘန္ဒန္တအာဝုဓ လက်ပန်တောင်းဆရာတော်၏ ၅၉ နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာနှင့် အစိုးရပါဠိပထမပြန် စာအောင်သံဃာ၊ သီလရှင်ဆရာ ၂၀၀ ပါးအား စာအောင်ဆုချီးမြှင့်ခြင်း စူဌဘွဲ့နှင်းသဘင် (တတိယကြိမ်မြောက်) အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆိုခဲ့ပြီး နိုင်ငံတော်ရွှေတံဆိပ်ဆုရှင် စောင်းအေးစုကျော်မှ ထူးမခြားနား သီချင်းကြီးဖြင့် သီဆိုပူဇော်ခဲ့သည်။
ဆက်လက်ပြီး မဟာသုန္ဒရာရာမကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့သည်။
ယင်းနောက် မွေးနေ့အလှူရှင်မနှင်းကြည်မိသားစုနှင့် အလှူရှင်အသီးသီး မိသားစုတို့မှ အလှူငွေများ၊ လှူဖွယ်ပစ္စည်းများကို သံဃာတော် အရှင်သူမြတ်တို့ထံ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ရွှေကျောင်းကြီးဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်ချအမျှပေးဝေခဲ့သည်။ ဆက်လက်ပြီး စာအောင်သံဃာ၊ သီလရှင်ဆရာလေး ၂၀၀ ပါးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မွေးနေ့အလှူရှင် မနှင်းကြည် မိသားစုနှင့် အလှူရှင်အသီးသီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ် (၁၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စာအောင်ဆုများ ဆုချီးမြှင့်ခြင်း၊ သံယဒါန လောင်းလှူခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)