ချမ်းအေးသာစံ ဇန်နဝါရီ ၂၂
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား၊ (၇၉) နှစ်မြောက်ပြည်ထောင် စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၂၂) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့်သစ်သီးပန်းမန်ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ အပိုင်း (၂) ပိုင်းဖြင့် ကျင်းပခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေး ပထမပိုင်း၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနားကို ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိအားကစားကွင်း၌ အောင်မြင်စွာကျင်းပသွားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင်အခမ်းအနား၊ အလေးပြုခြင်းအခမ်းအနားနှင့်သဝဏ်လွှာ ဖတ်ကြားခြင်း အခမ်းအနားများကို နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများအနေဖြင့် တာဝန်ယူဆောင်ရွက်နေသည့် ကဏ္ဍများအလိုက် စနစ်တကျကြပ်မတ်၍ ပေါင်းစပ်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများကအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြ၍အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကဆွေးနွေးတင်ပြချက်များနှင့် အကြံပြုချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
၎င်းနောက် ဒုတိယပိုင်း အစည်းအဝေးကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ၂၂ ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲ၊ ပြိုင်ပွဲများကို ချမ်းမြသာစည်မြို့နယ်၊ ရန်-မန်းလမ်းနှင့် ၁၀၁ လမ်း (သိပ္ပံလမ်း)ထောင့်ရှိ မြမာလာဥယျာဉ်တွင် ဖေဖော်ဝါရီ ၁၂ ရက် မှ ဖေဖော်ဝါရီ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် ဖွဲ့စည်းတာဝန် ပေးထားသည့်အတိုင်း ရည်ရွယ်ချက်များကို အောင်မြင်အောင်နှင့် လုပ်ငန်း လိုအပ်ချက်များ မရှိစေရေး အချင်းချင်းချိတ်ဆက်ကာ ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးကျော်ဆန်းက ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များ၊ ပြိုင်ပွဲအားလုံးအတွက် ဆုများချီးမြှင့်သွားမည့်အစီအစဉ်များ၊ ပြပွဲ၊ ပြိုင်ပွဲလာ ဧည့်ပရိသတ်များအား တေးဂီအဖွဲ့များနှင့်တွဲဖက်၍ အနုပညာရှင်များက သီဆိုဧည့်ခံသွားမည့်အစီအစဉ်များနှင့် လုပ်ငန်းကော်မတီအလိုက် တာဝန်ခွဲဝေချထားပေးမှုများကိုလည်းကောင်း၊ လုပ်ငန်းကော်မတီဝင်များမှ ပြပွဲ၊ ပြိုင်ပွဲအခမ်းအနား ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးချက်များနှင့် ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)