ကျောက်ဆည် ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲများ၊ စာအုပ်ပြပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက တောင်နံ့သာကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် တောင်နံ့သာကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်လွင်ဇာမင်းက အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းစာအပြင် ပြင်ပစာပေများ ရှာဖွေဖတ်ရှုရေးအကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ အရွယ်မရောက်သေးသူကလေးငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေး စသည့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)