ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ မြို့ဦးအောင်စေတီဘုရားကြီး၌ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ပင့်သံဃာ အရှင်သူမြတ်တို့အား ဆွမ်းသပိတ်လုံး လောင်းလှူခြင်းများကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၆ နာရီက အဆိုပါ ဘုရားကြီးရင်ပြင်တော်တွင် ဆောင်ရွက်ခဲ့သည်။
နံနက် ၆ နာရီတွင် ပင့်သံဃာအရှင်သူမြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး နံနက် ၇ နာရီတွင် မြို့နယ်သံဃနာယကဆရာတော်ကြီးများ ဦးဆောင်၍ စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် ဘုရားရင်ပြင်တွင် စေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များ၏ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရား နာကြားကြပြီး၊ ဘုရားကြီး ဘက်စုံပြုပြင်ရန်အတွက် မတည်လှူဒါန်းကြသည့် အလှူရှင်များအား ဘဏ္ဍာထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဝင်းအောင်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် မြို့နယ်သံဃနာယက ဆရာတော်ကြီးများဦးဆောင်သည့် ပင့်သံဃာ ၁၇၀ ပါးတို့အား လှူဖွယ်ပစ္စည်းများ လှူဒါန်း၍ ကြွရောက်လာသည့် ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များက ဆွမ်းသပိတ်လုံးများ လောင်းလှူဆက်ကပ်ကြကာ အခမ်းအနားကို စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)