ပျော်ဘွယ် ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲနှင့် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်များကို မမေ့လျော့စေရန်နှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းတို့အား ကျောင်းသား၊ ကျောင်းသူများနှင့်အပြန်အလှန်ဆွေးနွေးဟောပြောပြီး ပြိုင်ပွဲဝင်သူများအနေဖြင့် နောင်လာမည့်အထိမ်းအမှတ်နေ့များတွင်လည်း ဆက်လက်ပါဝင်ယှဉ်ပြိုင်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ကျင်းပသည့် အလယ်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဆန်းနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ အခမ်းအနားအပြီးတွင် မြို့နယ်ရုံးတွင်ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)